လှထုံတို့ရွာ (၈)

ဗီဇစရိုက်အားဖြင့်ကိုက အအိပ်အစားမက်တဲ့အထဲ ကိုယ်မပါပါဘူး။ မအိပ်မနေ အသက်ရှည် စကားလက်ကိုင်ထားတာ လူမှန်းသိတတ်စအရွယ်ကတည်းကပါ။ ကလေးဘဝကတည်းက အိပ်ပျက်ခံ စာကျက်တတ်တယ်။ ဆေးကျောင်းသားဘဝမှာ အိပ်ငိုက်မှာစိုးလို့ မတ်တပ်လမ်းလျှောက် စာကျက်ခဲ့ရတယ်။ ဆရာဝန်ဖြစ်တဲ့အခါကျတော့ နိုက်ဂျူတီတွေမှာ မိုးစင်စင်လင်းတဲ့ထိ ငိုက်တောင်မငိုက်အားပဲ အလုပ်များနေခဲ့ဖူးပါတယ်။ ဒီတသက် ဒီဘဝမှာတော့ ကိုယ့်အတွက် အိပ်ရေးပျက်တယ် အိပ်ရေးမဝဘူး ဆိုတဲ့ ပြဿနာဟာ စကားထဲထည့်ပြောစရာကို မလိုခဲ့တာပါ။ UHC တို့ သျှင်ပါကူဆေးခန်းတို့မှာ MO လုပ်တုန်းကဆို နေ့ဘက်တ​နေကုန် ဆေးရုံမှာဆင်းပြီး ညဘက်ကျ​တော့ ဆေးခန်းမှာ တညလုံးဆက်ဂျူတီဝင်နိုင်ပါတယ်။ ဘာအလုပ်မှ လုပ်စရာမရှိဘူးဆိုရင်တောင် စာရေးတာ စာဖတ်တာ၊ သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာနဲ့ မိုးလင်းပေါက် မျက်စိကြောင်နိုင်တဲ့အစားထဲမှာပါတယ်ဗျ။ ဘာစိတ်ကြွဆေးတွေမှ စားဖို့မလို ကိုယ့်ဘာသာကိုယ် ပေါက်မြောက်တက်ကြွနေနိုင်တဲ့သူပါ။

သို့သော်လည်း အခုရက်ပိုင်း ညဘက်ညဘက် လာလာအနှိုးခံရတာကိုတော့ အမှန်အတိုင်းပြောရရင် အားကြီးစိတ်တိုပါတယ်။ ကိုက်ခဲ မအီမသာဖြစ်နေတာ နှစ်ညလောက်ကြာတော့ “ဒါပဲဖြစ်စရာရှိတာပ။” ဆို နှာခေါင်းတို့ပတ်ယူတယ်။ ပိုးလည်းတွေ့ပါတယ်။ မြေကြီး လက်နဲ့ပုတ်ရင်မှ လွဲဦးမယ်။ ကိုယ်ဖြစ်နေတာ COVID မှ စစ်စစ် စစ်စစ်နဲ့ကို မြည်တာ။ စာထဲမှာ ထည့်ရေးခဲ့သလိုပဲ မနက်ဖြန်မှာ ဘာဖြစ်မယ်ဆိုတာ ကိုယ့်အတွက်ကိုယ်တောင် မသေချာပါဘူး။

လုပ်ထုံးလုပ်နည်းနဲ့အညီ ဆိုရင်တော့ ကိုယ်ဟာ လုပ်ငန်းခွင်က ၁၁ ရက် စွန့်ခွါပြီး တကိုယ်တည်း သီးခြားနေရတော့မှာပါ။ သို့သော် လက်တွေ့ဘဝမှာ လုပ်လက်စတွေပစ်ပြီး အိမ်ကွေးကွေးဖို့က မဖြစ်နိုင်တဲ့ အခြေအနေ။ ကိုယ့်ကို တာဝန်ယူပြီးခေါ်တယ်ဆိုတဲ့ သူဌေးက “ရန်ကုန် မန္တလေး ကြိုက်ရာရွေးပြီး ဆေးပြန်ကုပါ။ သူ ကားနဲ့အရောက်ပြန်ပို့ပါ့မယ်။” ဆိုတာတောင် ကိုယ့်မှာ “No. Thank you.” နဲ့ စကားဖြတ်ရတယ်။ ရှည်ရှည်ဝေးဝေးလည်း ပြောမနေနိုင်။ တင်ထားတဲ့ ဖုတ်လှိုက်ဖုတ်လှိုက် လူနာတွေကိုပစ်ပြီး အကောင်းကြီးရှိနေတဲ့ကိုယ်က နေရပ်ပြန်ပြေး ဆေးကုမယ်ဆိုတာ အဓိပ္ပါယ်မှ မရှိတာ။

အဲ့ဒါကြောင့် ကိုယ့်မှာ P ပင် P သော်ငြား ကိုယ့်ထက်အရင် P နေတဲ့လူနာတွေကို တစ်ရက်မှမပျက်အောင် သွားကြည့်ပါတယ်။ သို့သော် ညဘက် အိပ်တဲ့နားတဲ့အချိန်ကျမှ လူနာကြည့်ဖို့လာလာခေါ်တဲ့အခါ အိပ်ရေးပျက်တာ မဟုတ်သော်ငြားလည်း စိတ်ကတော့ အရမ်းတိုတာ အမှန်ပါ။ တနေကုန် ဆေးရုံမှာ ရှိတယ်လေ။ ဘာဖြစ်လို့ အချိန်နဲ့အခါနဲ့ လာမပြသလဲ။ ဆရာဝန်ဆိုတာလည်း စက်ရုပ်မဟုတ်ဘူး။ သူ့မှာ နားချိန်အိပ်ချိန်ဆိုတာ ရှိတယ်။ အားမနာဘူးလား။ ဒါဆိုရင်လည်း နောက်မလုပ်ရဲအောင် နည်းနည်းတော့ အော်ထားမှဖြစ်တော့မယ်။ နို့မို့ သေရချည်ရဲ့။ အဲ့သလိုနဲ့ပဲ ကိုယ့်မှာ ပန်းနုသွေးမဖြစ်ပဲ ခင်မို့မို့အေး လုပ်နေရတယ် လို့တောင် ပြောခဲ့မိသေး။

ဒါပေသိ ဇာတ်လမ်းတွေက တစ်ညတစ်မျိုးနဲ့ မရိုးရပေါင်ကွယ်။ “မောင််လေးရေ မောင်လေး။ တမာရွက်စားပေးရတယ်မောင်လေး။” ဆိုတဲ့ အရပ်ထဲပြောသမျှ ဆေးမြီးတိုပေါင်းစုံလိုက်လုပ်။ ပြီးကျမှ “ရင်မှာခံစား။ နင်မမြင်နိုင်ပေ။ ငါ့ရဲ့အထဲထဲက။ အတွင်းခံ။” ဆိုတာကြီး လာလာလှန်ပြတဲ့လူနာတွေနဲ့။ ရောက်လာပါပြီ။ ညကြီးအချိန်မတော်။ ကြည့်ရပြန်ပါပြီ။ ဒီကလည်း ပွစိပွစိ ဆူဆူငေါက်ငေါက်။ သေချာလည်း ပရင့်ထုတ်ပြီး စာကပ်ထားပါတယ်။ “ညအချိန် လူနာ မကြည့်ပါ။” “အိမ်သို့လိုက်၍ ဆေးမကုပါ။” ဂိတ်ဝမှာကို လက်ညှိုးနဲ့ထိုးပြလို့ရတယ်။ သို့သော်လည်း သူတို့ဘက်က “နို့ သိမှသိပဲကို။” ဆိုရင် ပြောထားသမျှ လေကုန်ရုံပဲ အဖတ်တင်တယ်။

သူတို့ရပ် သူတို့ရွာမှာ ဆရာဝန်ဆိုတာက ရှားပါဘိသနဲ့ကွယ်။ ညကြီးမင်းကြီး အချိန်မတော် ကိုယ့်ဆီ အားကိုးတကြီး လာတဲ့ လူနာတွေကို ဆူဆူငေါက်ငေါက်နဲ့။ အပြောမချိုလိုက်တဲ့ ဆရာဝန်နှယ်။ ငံပြာရည်ကျော် စာအုပ်တွေမှ ဖတ်ဖူးပုံမရ။ ဒါကတော့ကွာ။ စာအုပ်ထဲချိုရတာများ ဘာခက်တာလိုက်လို့။ အပြင်မှာတော့ သူအော်တဲ့ဗော်လျွန်းလည်း ကိုယ့်ထက်လျော့မယ် မထင်ပေါင်။

ဆရာဝန်အလုပ်ဆိုတာ ရုံးသမားများလို office hour နဲ့ weekend တွေ holiday တွေ ကန့်သတ်နေလို့ ရမလား။ အရေးပေါ်ဆိုမှတော့ အရေးပေါ်တဲ့အချိန် ဘယ်အချိန်ဖြစ်ဖြစ် ကြည့်ပေးရမှာပေါ့။ ဆရာဝန်နားနေတဲ့အချိန်မှန်းလည်း သိပါတယ်။ ဒါပေသိ ဟိုမှာက အသက်တစ်ချောင်းဆိုတော့ အားတော့နာပေမယ့်လည်း ဘယ့်နှယ်မှ မတတ်နိုင်ဘူး။ မရှိရှိတဲ့ဆရာဝန် လာပင့်ရတာပ။ ရွာခံလူတစ်ယောက် လွှတ်အခေါ်ခိုင်းတာပါ။ လက်နက်ကိုင်အဖွဲ့ထဲက လူတစ်ယောက် ရင်ဘတ်ကို သေနတ်မှန်ထားတာ ဆရာဝန်လိုက်ကြည့်ပေးဖို့ လို့ ဆိုပါတယ်။

ပညာရှိရင် ပြေးကြည့်စရာမလိုပဲ တွေးကြည့်ရုံနဲ့ ခန့်မှန်းတတ်တယ်။ သွေးထွက်တာကလွဲလို့ ဘာမှမဖြစ်သေးဘူး။ မသေသေးဘူးဆိုရင် ဒီလူနာအတွက် ကိုယ်လုပ်ပေးရမှာ ရင်ခေါင်းထဲကသွေးတွေကို အပြင်ထုတ်ပေးဖို့ chest tube ထည့်ပေးမှ ရလိမ့်မယ်။ အဲဒီအတွက် ဘာရှိသလဲ ပြန်ရှာရင် ဂွမ်းနဲ့ပတ်တီးကလွဲလို့ ဘာမှ ရှာမရဘူး။ သူတို့ဆီမှာလည်း ဘာမှမရှိပါဘူး။ လှိုင်သာယာဆေးရုံမှာတုန်းက သွေးတပွက်ပွက်ပန်းထွက်ပြီး ကိုယ့်မျက်စိအောက်တင် အသက်ထွက်သွားတဲ့လူနာကို မျက်စိထဲပြန်မြင်လာတယ်။ လိုက်သွားလည်း ကိုယ်ဘာမှလုပ်ပေးနိုင်မှာ မဟုတ်။ “လွှဲလိုက်ပါ။ မရတော့ဘူး။” ပြောဖို့ ကိုယ်ကသွားနိုင်​တောင် ကိုယ့်ကိုစောင့်ရင်း လူနာရဲ့အချိန်ကို အကုန်မခံနိုင်ပါဘူး။ သူ့အတွက် အချိန်ဟာ အသက်လေ။

ပို၍ခက်သောပြဿနာကတော့ သူတို့လာခေါ်တဲ့ရက်ဟာ ကိုယ့်အတွက် P ထွက်ထားတာ ၅ ရက်မြောက်နေ့။ အသက်ရှူထုတ်သမျှ ဗိုးရပ်စ်ကောင်ရေအများဆုံး အပြင်ကိုတ်လွှတ်နေတဲ့ အချိန်ကာလ ဖြစ်နေတာပါ။ သွားရမှာက စစ်သားတွေနေတဲ့ စစ်တန်းလျားထဲ။ ကူးလိုက်လို့ကတော့ တစ်တပ်လုံး ငုတ်တုတ်ထိုင် ဆေးကုနေရမယ့် အခြေအနေပါ။ ဘာလို့များ ဒီလောက်တောင် မသိနိုင်မတွေးနိုင်ရတာပါလိမ့်။ ဒီတစ်ယောက်ကို ကိုယ်သွားကြည့်ပေးလို့ သူ့အတွက်အကျိုးထူးမထူးက အင်မတန် မရေရာတဲ့ကိစ္စ။ ကိုယ်သွားကြည့်လိုက်ရင် သူတို့တစ်တပ်လုံး ကူးစက်ကုန်မှာက တော်တော်ကို သေချာနေတဲ့ကိစ္စ။

လာခေါ်တဲ့သူကို အကျိုးအကြောင်းရှင်းပြတော့ သူကနားလည်ပေမယ့် ဟိုဘက်ကို ပြန်မပြောရဲဘူး။ လိုင်းမကောင်းတဲ့ကြားက ဟိုဘက်ကိုဖုန်းပြန်ပြန်ခေါ်လိုက်၊ “ခနကိုင်ထားနော်။ ဆရာနဲ့ ပြောပါခင်ဗျ။” ဆို သူ့ပါးစပ်နားကဖုန်းကြီး ကိုယ်လက်ထဲ လာအတင်းထိုးထည့်ပေးလိုက်။ ဖုန်းတစ်ခွက်ထဲကို ပါးစပ်ပေါက်နှစ်ပေါက်တေ့ပြီးများ ပြောချင်နေသလား မသိပါဘူး။ “ဟေ့လူ။ ဒီမှာ ပေါ့စတစ်ကြီးနော်။” ဆိုလည်းမရ။ စိတ်တွေတိုလိုက်ရတာ မပြောပါနဲ့။ နောက်ဆုံးတော့ လက်ထောက်ဆရာဝန်အငယ်လေး ထည့်ပေးလိုက်ရတယ်။ ကိုယ်ထင်တာမလွဲပါဘူး။ ဟိုမှာ ပုလင်းလေးချိတ်ပြီး ဘာမှမလုပ်ပဲ “လွှဲလိုက်တော့။” နဲ့ ပြန်လာရတာ။ သို့သော် နေပစီ။ ဆရာဝန်ခေါ်ပြနိုင်တယ်ဆို ကျေနပ်သတဲ့။ ဘာမှ မလုပ်ပေးဦးတော့ ကြည့်ရုံလေး ကြည့်ပေးရင်ကို ရပြီတဲ့။ အေးပါ။ ငါကလည်း နင်တို့မို့လို့ အမုန်းခံပြီး လိုက်မကြည့်ပေးတာ။ သိလား။ ဟိိုဘက်ကများ လာခေါ်လို့ကတော့ mask မတပ်ပဲလိုက်သွား ရှိသမျှလူ ကုန်အောင်နှုတ်ဆက် ညပါအိပ်ပြီးမှ ပြန်လာပလိုက်မှာ။ တကယ်ပဲ။

သူများရပ်ရွာ လက်နက်ကိုင်ပေါင်းစုံကြားမှာ အခုလို မာရေကျောရေ ချေမိုးနေတဲ့ ဆရာဝန်ကို ဘယ်သူက လိုက်စောင့်ရှောက်နိုင်မှာပါလိမ့်။ တစ်ညသောအခါမှာတော့ ကိုယ့်လာခေါ်တဲ့ကားဆရာလေးဆီက ညကြီးမင်းကြီး ဖုန်းကောလ်ဝင်ပါတယ်။ လိုတိုရှင်းပဲ သူပြောတာ။ “ဆရာရေ။ ရွာထဲကို အခုပဲ လက်နက်ကိုင်တစ်ဖွဲ့ ဝင်လာတယ်။ ဘယ်အဖွဲ့မှန်း မသိသေးဘူး။ သတိနဲ့နေဖို့ပါ။” တဲ့။ ကြားတာနဲ့ မီးတွေအကုန်ထပိတ်ပြီး အိိမ်ရှေ့ကိုလှမ်းကြည့်လိုက်တော့ ကိုယ်တို့ခြံဝမှာ လက်နက်အပြည့်အစုံနဲ့ စစ်သားနှစ်ယောက်က မြဘုရားအဝင်ဂိတ်က ထိုင်းစစ်သားတွေလို တောင့်တောင့်ကြီး ရပ်နေတယ်။ အိမ်ဘေးပြူတင်းပေါက်တွေ ပတ်ချောင်းလိုက်တဲ့အခါ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိတဲ့ စစ်ဝတ်စုံနဲ့လူတွေ သေနတ်ကိုယ်စီနဲ့ တစ်လမ်းလုံး နေရာယူထားပြီးပြီ။ အိပ်ခန်းပြူတင်းပေါက်က အောက်ထပ်သွပ်မိုးပေါ် ဆင်းလျှောက် တံစက်မြိတ်အဖျားကနေ နောက်ဖေးခြံထဲကို ခုန်ဆင်းလို့ ရနိုင်မလား။ ပြေးလမ်းကိုတော့ စဉ်းစားနေရပြီ။

အိမ်ရှေ့ကိုပြန်ချောင်းတော့ တော်သေးတယ်။ ကိုယ့်ဆီလာပုံတော့မရဘူး။ မျက်နှာချင်းဆိုင်က ကာရာအိုကေဆိုင်ကိုလာတာ။ ဟိုတခါပြောဖူးတဲ့ မိဂဒါဝုန်တောဆိုတဲ့နေရာလေ။ အဖွဲ့ပေါင်းစုံ လူပေါင်းစုံ ရင်းနှီးချစ်ကြည်စွာ ဂီတဝင်္ကပါ လာလာလုပ်တဲ့နေရာ။ ညလုံးပေါက် မိုးအလင်း မနားတမ်း သီဆိုအော်ဟစ်နိုင်လို့ ကိုယ့်မှာ “အားယိုးယိုး” နဲ့ လက်ဖျားခါရတဲ့အရပ်ပေါ့။ ဒီမှာဖြင့် နှစ်နာရီစာ မတိုးမကျယ်ကလေး စာသင်ပြီးရင် လေဆက်က ပြတ်ချင်ချင်ရယ်။ သူတို့များကျ တညလုံး လေးဖြူ အငဲ နဲ့ မျိုးကြီးကကိုမဆင်းတာ။ နည်းတဲ့ အသံပါဝါမှတ်လို့။

မိဂဒါဝုန်လည်း ဘယ့်နှယ်ကြောင့် ကာဘူး ဖြစ်သွားလေတယ် မသိပါဘူး။ ဆိုင်ထဲကလူတွေ အပြင်ခေါ်ထုတ်တယ်။ မေးမြန်းစူးစမ်းပြီး အပြန်ခိုင်းတယ်နဲ့ တူပါရဲ့။ ကားတွေ တစ်စီးပြီးတစ်စီး ပြန်ကုန်တယ်။ ကလေးမလေးတစ်ယောက်ကတော့ ရှိုက်ကြီးတငင်ငင် ငိုပြီးလိုက်တာ။ “ကိုကို။ သည်းလေးကို ပိုက်ဆံမပေးရသေးဘူးလေ ကိုကို။ အဲ့လိုမလုပ်ရဘူးလေ။ ကိုကိုက ပိုက်ဆံတွေပြပြီး ပေးလည်းမပေးပဲ ပြန်တော့မလို့လား။ သည်း မနက်ကျ အကြွေးတွေ ပေးစရာရှိသေးတယ် ကိုကိုရဲ့။” တဲ့။ သနားပါတယ်။ ဒီမှာ ယောက်ကျားသားကြီးတွေ မီးမှိတ်ပြီး အိမ်ပေါ်က ဝမ်းလျားမှောက် ချောင်းနေတဲ့အချိန်မှာ သူ့ခမျာ မကြောက်မရွံ့ ရန်စွယ်ကြားမှ လှဥမ္မာ လုပ်နေရတယ်။

ခါတိုင်းဆိုရင်တော့ ဒီလူတွေဟာ ဒီလိုမျိုး အပြည့်အစုံ ဆင်မြန်းတပ်ဆင်ပြီး လာလေ့မရှိပါဘူး။ အကြောင်းတစ်ခုခုတော့ ရှိမှာပါ။ အင်တာနက်တွေဖြတ်ထားတော့ ဘာအကြောင်းမှန်း ကိုယ်လည်း မပြောတတ်။ ဒီလိုနေရာ ဒီအရပ်မျိုးမပြောနဲ့။ ရန်ကုန်မြို့ကြီးပေါ် ခြံနဲ့ဝန်းနဲ့နေတဲ့ ကိုယ့်ညီအိမ်ကိုတောင် အဲ့သလိုလိုမျိုး လာစီးနင်းဝင်ရောက်ပြီး ခေါင်းကိုအိပ်နက်စွပ် လက်ပြန်ကြိုးတုပ်ပြီးဖမ်းခေါ်သွားတာ ဘာအပြစ်မှ ကျူးလွန်ထားလို့ မဟုတ်ဘူး။ ဒီခေတ်ဒီအခါမှာ ဒါ ဘာမှမဆန်းတဲ့ အဖြစ်အပျက်။ သို့သော် ကိုယ်တိုင် အဖမ်းခံရမတတ်ဖြစ်နေတာဆိုတော့ ဒီမှာအိပ်မရတာ ဘာကြောင့်လဲ သဘောပေါက်ပြီပေါ့နော်။

ဒီလိုပါပဲ။ ဒီအတိုင်းပါပဲ။ နောက်ညတွေလည်း ဒီအတိုင်း လာဦးမှာပါ။ ပြောချင်တာပြော။ အပြီးသတ်ကျတော့လည်း ကြည့်ပေးရတာပဲ။ စတုန်းကတော့ ကိုဗစ်စင်တာလေး ထောင်ပေးရအောင်ဆိုလာတာ။ အခုတော့ သူ့ဟာနဲ့သူလည်ပတ်လို့။ တက်ကာစကလူနာတွေတောင် အိမ်ပြန်ဆင်းကုန်ပြီ။ ကိုဗစ်မဟုတ်သော်ငြား သီးခြားအခန်းတစ်ခန်းနဲ့ တင်ထားပြီး ဆေးကုပေးနေရတဲ့ Non-COVID လူနာခန်းလေးလည်းတိုးလာပြီ။ ဒီလိုဆိုတော့ ညရေးညတာ ဘာလူနာလာလာ ထကြည့်ပေးရမယ့်ပုံစံ ဖြစ်နေပြီ။ မပြီးသေးဘူး ခင်ဗျ။ ရွာမှာရှိနေတဲ့ Sub center ကလေးက သားဖွားဆရာမက CDM လုပ်ပြီး ရွာပြန်သွားလို့ မွေးလူနာတွေ ဆရာနဲ့ လာပြချင်ပါသတဲ့။ ဆရာဝန်ဆိုမှတော့ ကလေးလည်းမွေးတတ်ရမှာပေါ့နော်။

ကြည့်တာက ကြည့်ပေးလို့ရတယ် အပန်းမကြီးဘူးထား။ မွေးတာလည်း မွေးပေးလို့ရတယ်။ တစ်ညလုံး ငုတ်တုတ်စောင့်ပေးနိုင်တယ်ထား။ မမွေးနိုင်မဖွားနိုင်လို့ ခွဲရေးဆွဲရေးတွေ ရှိလာရင် ကားလမ်းကြမ်း သုံးနာရီစာခရီးရှိတဲ့ အနီးဆုံး တိုက်နယ်ဆေးရုံဆီကို ကလေးခေါင်းတစ်လစ်ကြီးနဲ့ လွှဲရမှာလား။ သူတို့လမ်းကဖြင့် ဆိုင်ကယ်နဲ့လာရင်တောင် ဝိဓူရ မြင်းမြီးဆွဲလိုက်သလို လိုက်ရတာ။ ဒီအရပ် ဒီဒေသမှာ ဒီဆရာဝန် မလာခင်တုန်းကလည်း လူသားတွေ နေနေကြတယ် မဟုတ်ဘူးလား။ ဒီလိုပဲ မွေးကြ နေကြ သေကြတာလေ။ အခု ဒီဆရာဝန်လည်းရောက်ရော တရပ်လုံးတရွာလုံးက ကျန်းမာရေးပြဿနာမှန်သမျှကို ဒီဆရာဝန်ရဲ့ ခေါင်းပေါ်မှာပဲ ပုံချထားလိုက်တော့မလား။ သေရချည်ရဲ့နော်။ “လှထုံတို့ရွာ” နံမည်ကလေးက လှပြီးသားဟာကို။ “ဆရာမနိုင်။ နှစ်ဆောင်ပြိုင်” တို့ “ဆရာပြန်ပြေး ဘုရားလေး” တို့ နံမည်အသစ် အပေးခံချင်ပြီ ထင်ပါရဲ့။

ပြောမယ့်သာ ပြောတာပါ။ လာခေါ်ရင်လည်း ကြည့်ပေးရဦးမှာ အသိသားနဲ့။ အေးလေ။ မကြည့်ပေးပဲတော့ ဘယ်သူနေမှာလဲ။ ဒါပေသိ မပြောပဲကလည်း နေကိုမနေနိုင်တာ။ ပြောမှာပဲ။

“ခုနေ ခများ ပဲပြုတ်တစ်ဆယ်သား လိုချင်တယ်။ အချိန်မတော် ဈေးထဲသွားဝယ်လို့ ရသလား။ ပြောလေ။ ဆရာဝန်ဆိုတာ ပဲပြုတ်သည်လို အချိန်မရွေး လာပါဦး လှမ်းခေါ်လို့ လာတဲ့အစား မဟုတ်ဘူး။”

အင်းပါ။ ဒီဆရာ နဲ့ ဒီရွာ လိုက်လည်းလိုက်ပါတယ်။ ပြောချင်ရာပြော လုပ်ချင်ရာလုပ်။ ဟုတ်နေရောပဲ။