လှထုံတို့ရွာ (၆)

ဆေးခန်းကပြန်လာတိုင်း ရေချိုးခေါင်းလျှော်နေကျဟာ မနေ့ကတော့ ရေနဲ့ထိလိုက်တာနဲ့ ချမ်းတုန်တက်လာပြီး အဝတ်တွေတောင် မလျှော်နိုင်ပဲ ထားခဲ့ရတယ်။ ကူးပြီထင်ပါရဲ့လေ ဆို အိပ်ယာထဲတန်းဝင်သွားရင်း အခုမကူးလည်း နောက်ကူးမယ့်တူတူ မြန်မြန်ကူးတာ ကောင်းပါတယ် လို့ပဲ သဘောထားလိုက်ပါတယ်။ သို့သော်လည်း ထုံးစံအတိုင်း အိပ်ရေးဝဝ အိပ်လိုက်ရတော့ သည်မနက် ပြန်ကောင်းနေသားပဲ။ ဒါ ကိုယ်အမြဲဖြစ်နေကျလေ။ လူနာတွေကြည့်ရင်း ကိုယ့်အကြောင်းကိုယ် မေ့သွားရော။

မနေ့က တင်ထားတဲ့အထဲမှာ အဖွားတစ်ယောက်ကတော့ အောက်ဆီဂျင် တက်မလာပဲ ကျကျသွားတယ်။ နားထောင်လိုက်တော့ တရွှီရွှီမြည်အောင်ကို ကြပ်နေတာ။ အောက်ဆီဂျင်မဝတော့ အယောင်ယောင် အမှားမှားတွေလည်း ဖြစ်လို့။ ရှိုက်ပြီးရှူတဲ့ဆေးဗူးလေးနဲ့လည်း မသက်သာဘူး။ cannula ပြန်ထိုးပြီး ဆေးတွေထိုးပေးရတယ်။ အောက်ဆီဂျင်လည်း ပိုက်နဲ့ တစ်ခု နှာစွပ်နဲ့တစ်ခု နှစ်အိုးပြိုင်ပေးရတယ်။ ကျန်တဲ့လူနာတွေကတော့ သက်သာနေကြသားပဲ။ သက်သာတယ်ဆိုတာနဲ့ အတင်းပြန်ချင်တယ် လုပ်နေတဲ့တစ်ယောက်ကလည်း ရှိသေး။ ဆေးတွေထိုးနေတာ အဲ့လိုကောက်ကာငင်ကာ ဖြတ်ထားခဲ့လို့မရဘူးလေ။ သက်သာတယ်ဆိုတာ အောက်ဆီဂျင် တန်းလန်းနဲ့မို့။ မယုံဖြုတ်ကြည့်ပါလား။ အိမ်ပြန်မရောက်ပဲ လမ်းမှာတင် မောပြီး ပြန်ရောက်လာမယ်။ ပြန်လာရင် အခုလို တနေရာရမယ်လို့ အာမမခံဘူးနော်။ ဒီထဲဝင်ချင်လို့ စောင့်နေတဲ့သူ အသင့်ရှိတယ်။ အဲ့ဒီအချိန်ကျ အောက်ဆီဂျင်ရဖို့ဆိုတာလည်း မသေချာဘူး။ အောက်ဆီဂျင်ကျနေတဲ့သူတွေမှ အများကြီး။ အိုးမရသေးလို့ မောမောနဲ့ ပေစောင့်နေတာ။ ပေးထားတဲ့လူနာဆီကသာ ဖြုတ်ယူပြီး နောက်လူမပေးတာ။ မောမှပြန်တက်လာပြီး “ငါ့ဟာပြန်ပေး။” တောင်းလို့မရဘူး။ အဲ့လို အရှည်ကြီးပြောလိုက်တော့မှ ငြိမ်သွားတာ။

လောလောဆယ် အောက်ဆီဂျင်ကိစ္စက သူ့ကိုချည့်ပဲ ခေါင်းခဲစေတာ မဟုတ်ပါဘူး။ ကိုယ့်ငယ်ထိပ်ပေါ် မြွေပေါက်နေတာပါ။ မလာခင် အတန်တန်မေးတယ်။ “ခင်ဗျားတို့ အောက်ဆီဂျင် အလုံအလောက် ရှိမှာ သေချာလား။” လို့။ “မပူနဲ့ဆရာ။ ကျွန်တော်တို့ အလုံး ၅၀ ရယ်ဒီ ရှိတယ်။ ကုန်ရင် ချက်ချင်းပြန်ဖြည့်ပေးမယ်။” တဲ့။ အခု ကုန်တော့မယ်။ ၅ လုံးပဲကျန်တော့တယ်ဗျ။ ဖြည့်တဲ့ဆီက တနေကုန်တန်းစီတာတောင် နှစ်လုံးပဲ ဖြည့်ပေးမယ်တဲ့။ ထုံးစံအတိုင်း မြန်မာ့တပ်မတော်ကြီးက ချုပ်ကိုင်လိုက်ပြီ ထင်ပါရဲ့ဗျာ။ မြန်မာပြည်မှာ အောက်ဆီဂျင်ရှူချင်ရင်တောင် သူတို့ဆီက ပါမစ်ပါမှ ရှူခွင့်ရမှာကိုး။ ဒါမျိုးက ရန်ကုန်မှာရော မန္တလေးမှာပါ မထူးဆန်းတော့တဲ့ ဇာတ်လမ်းပါ။ အခုတော့ကိုယ့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာ။ အတွင်းအပြင် လူနာတစ်ဒါဇင်လောက် အောက်ဆီဂျင်ရှူနေရာက ဒါကုန်ရင် နောက်ထပ်မရတော့ဘူး ဖြစ်လာတာ။ O2 concentrator က လက်ထဲမှာ တစ်လုံးပဲ ရှိတယ်။ အခုချက်ချင်း မြို့တက်ပြီး နောက် ၂ လုံး သွားယူနေတယ်။ စက် ၃ လုံးရောက်မှ လူ ၃ ယောက်ပဲ ရှူလို့ရမယ်။ ဒီ့ထက်များရင် မီးစက်ကလည်း မနိုင်။ လိုချင်သပဆို အိုးအသစ်ဝယ်လေ။ တစ်လုံးမှ ၃ သိန်းတည်းပဲ ကျမှာပါ။ သိပါတယ်။ ရန်ကုန်မှာတုန်းက ၇ သိန်းခွဲ နဲ့လည်း ဝယ်ခိုင်းခဲ့ရဖူးတယ်။ လေးသိန်းခွဲနဲ့လည်း ဝယ်ခိုင်းခဲ့ရဖူးတယ်။ ဘယ်သူကမှ ရိုက်မဝယ်ခိုင်းဘူး။ ဝယ်ရင်ဝယ် မဝယ်ရင်သေ ဆိုလို့ ဝယ်ခဲ့ရတာ။

ဒါ မြန်မာပြည်သားတွေ လက်ရှိခံစားနေရတဲ့ ဝဋ်ဒုက္ခ အစစ်အမှန်ပဲ။ ကိုယ်တိုင်ခံစားရတဲ့သူမဟုတ်ရင် တဆင့်စကားနဲ့ မယုံနိုင်စရာ ရက်စက်ယုတ်မာမှုကြီးတွေလေ။ ဒါကြောင့် လူတိုင်းကိုယ်စီ လက်တွေ့ခံစားပစေတော့။ တပ်မတော်ရဲ့သဘောထားအမှန်လို့ အာရုံပြုပြီးတော့ကိုခံစား။ ဒါနဲ့မှ ကိုယ်တိုင်ကြိုးစားရုန်းမထွက်ချင်သေးရင် ကိုယ့်ဦးနှောက်နဲ့အသိဉာဏ်ဟာ ဒီလူတွေနဲ့ပဲ ထိုက်တန်နေသေးလို့ပဲ။ စဉ်းစားကြည့်လေ။ ဦးကိုနီ အသတ်ခံရတာလည်း ကိုယ်နဲ့မဆိုင်ဘူးလို့ မေ့ပစ်ခဲ့တယ် မဟုတ်လား။ ဗစ်တိုးရီးယားလေး အစော်ကားခံရတော့လည်း ဒါ အမှုလိမ်ကြီးပါ လို့ အလွယ်တကူ လက်ခံခဲ့သေးတယ် မဟုတ်လား။ ဆေးကုတဲ့ဆရာဝန်တွေ အဖမ်းခံရ အသတ်ခံရတာလည်း မြန်မာနိုင်ငံဆရာဝန်အသင်းကြီးကတောင် သူနဲ့ဆိုင်တယ် ထင်တာ မဟုတ်ဘူး။ အဲ့လိုမျိုးလူတွေ အတိုင်းအတာတခုအထိ ရှိနေလို့ လူယုတ်မာကြီးတွေ ထင်ရာစိုင်းအနိုင်ကျင့်နေတာ။ အဲ့ဒါ ကိုယ့်ရဲ့ အသုံးမကျမှုလည်း ပယောဂ ပါတယ် လို့ မှတ်လိုက်။ ပါးစပ်က ဘုရား ဘုရား လုပ်နိုင်ရင် ကိုယ့်ကိုယ်ကိုယ်လည်း သူတော်စင်လိူ့ ထင်နေတယ် မဟုတ်လား။

ငါ့နှယ်နော်။ မိုးလင်းမိုးချုပ် ယားလို့တောင် မကုပ်အားတဲ့ကြားက ခွေးသူတောင်းစားကြီးတွေ မေတ္တာလှမ်းလှမ်းပို့နေရတာလည်း တဒုက္ခ။ လောလောဆယ်တော့ လက်ထဲရှိသမျှ ဖုန်းနံပါတ်တွေ အကုန်လျှောက်ဆက်အပြီးမှာ အောက်ဆီဂျင်အိုး ၂၀ အခု သယ်လာပါပြီ ဆိုလို့ ဆံတော်ကြိုသလို ခါးလည်ရေမြုတ်တဲ့ထိ ဆင်းကြိုရမလို ဖြစ်နေတယ်။ အခုမှ အလုံးကြီးကျတော့တာ။ အိုင်တို့စင်တာက စာရင်းဝင်အမည်ပေါက်မဟုတ်လို့ ခွဲတမ်းမပါတာပါတဲ့။ ဒါသက်သက် ရွာလူကြီးတွေကို မခန့်တာ သက်လား။ မခံကြနဲ့။

သူတို့ကိစ္စတွေ စိတ်မောနေရတာနဲ့ ကိုယ့်ဘာကိုယ် ဖျားရမလို မဖျားရမလိုဟာတောင် ဘယ်ရောက်သွားမှန်း မသိဘူး။ ညဘက်ရောက်မှ ညောင်းညာကိုက်ခဲတာ နှစ်ရက်ရှိပြီ။ လူနာတွေနဲ့ကလည်း တချိန်လုံးထိတွေ့နေရတာ။ ရောက်လေရာ ကယ်ရီယာတွေ တရုန်းရုန်းနဲ့ဆိုတော့ ကိုင်း ဒုတိယအကြိမ်မြောက် နှာခေါင်းအနှိုက်ခံလိုက်ဦးမယ်။ လွန်ခဲ့တဲ့ ၄ ရက်ကအထိတော့ နက်ဂတစ်ပဲ။ ဥုံဖွ။ ဟပ်ချိုး ဆိပ်ဖွား။ အသက်တစ်ရာ အနာမရှိ။ ပေါက်တယ်ဗျား။ ပေါ့စတစ်ဖြစ်သွားပါပြီ။

ခက်တာက ဘယ်လိုလုပ်ပြီး အနားယူလို့ ရမလဲ ကိုယ့်ဘာသာကိုယ်တောင် မစဉ်းစားတတ်တော့ဘူး။ ဒီအရေတွေမြင်လို့ ဒီစာကို စရေးတာလေ။ မနက်ဖြန် ဘာဖြစ်မလဲဆိုတဲ့ဘဝမှာ ကိုယ့်ဘာသာကိုယ်တောင် မသေချာဘူး။ ကိုယ့်ဖင်ကိုယ်ထိုး နှစ်ကျပ်ဖိုးလောက် ဆေးကုပြီး ဘာမှမဖြစ်တဲ့အတိုင်း လူနာတွေကို ဆက်ကုချင်ကုနေလိမ့်မယ်။ နေသင့်ကြာကလေးလို ခွေညှိုးနွမ်းလျပြီး တောချောင်မှာ မောင်အိပ်လို့ တောင်ထိပ်မှာကွေးချင်ကွေးနေလိမ့်မယ်။ ရန်ကုန်က သူငယ်ချင်းတွေလို မနှဲလေး ဝမ်း ၁၆ ခါ သွားထားတဲ့အသံနဲ့ “နေကောင်းပါတယ် အားတင်းထားတယ်” တယ်လီဖုန်းတွေ ထိုင်ဖြေချင် ဖြေနေရမယ်။ ဘာမဆိုဖြစ်နိုင်တယ်လေ။ တကယ်တမ်းတော့ မနက်ဖြန်ဆိုတာ နောက်တစ်နေ့ပဲ မဟုတ်လား။ “Tomorrow is just another day.” တဲ့။ မနက်ဖြန်ရောက်မှပဲ ဘာဆက်ရေးရမလဲ စဉ်းစားတော့မယ်။ တာ့တာ။