လှထုံတို့ရွာ (၁)

အင်တာဗျူးမေးခွန်းတွေ ဖြေဖန်များလာတဲ့အခါ ကိုယ့်ဆရာသမားများရဲ့ ပညာရှိစကားများထဲမှာ နာယူမှတ်သားမိတာလေးတွေ ပြန်ပေါ်လာပါတယ်။

“မေးခွန်းဆိုတာ အမျိုးမျိုးရှိတယ်။ သူက ဘာသဘောနဲ့မေးချင်တာလဲ ဆိုတာ သိမှ ကိုယ်က သူလိုချင်တဲ့အဖြေကို တည့်အောင်ဖြေနိုင်မှာ။ သိလို၍မေးခြင်းလော။ ညှိလို၍ မေးခြင်းလော။ ရိလို၍ မေးခြင်းလော။ ကလိလို၍ မေးခြင်းလော။ အရင် သဘောပေါက်အောင် လုပ်ရတယ်။” တဲ့။ ဟုတ်ပ။ ခုများတော့ ဆရာကောင်းတပည့် ပန်းခေါင်းလှန်နိုင်ပါပြီ။ ဖွလို၍ မေးခြင်းလော။ ဆွလို၍မေးခြင်းလော။ ရွလို၍ မေးခြင်းလော။ ချက်ဆို နားခွက်က မီးတောက်ပါလေရော။

“ကိုဗစ်ကပ်ရောဂါကြီးဖြစ်နေတာ ဆရာလည်းမြင်မှာပါ။ အသေအပျောက်တွေ အရမ်းများတယ်လေ။ ဆေးရုံတွေမှာလည်း ဆရာဝန်တွေ မလုံလောက်ဘူးဆိုတော့ ဆရာ့အနေနဲ့ CDM လုပ်မိတာ မှားတယ်လို့ မထင်ဘူးလား။ ဆေးရုံကို အလုပ်ပြန်ဝင်ပြီး လူနာတွေကို ကိုယ်တတ်တဲ့ပညာနဲ့ ဆေးကုချင်စိတ် မပေါက်ဘူးလား။ ပြန်မလာချင်ဘူးဆိုရင်လည်း ဘာဖြစ်လို့ ဘာကြောင့်ပြန်မလာချင်တာလဲ ဆိုတာကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့ ရှင်းပြပေးပါလား။” တဲ့။

ကိုင်း ဒါကြီးကတော့ ကိုယ့်ကို ဒချိလို၍ မေးသောမေးခွန်းကြီးပါလေ။ သိသိကြီးနဲ့ ပွဲလာရှာနေတာ ဆိုပါတော့။ တခါတခါကျတော့ ဒီစကားက သူတို့ပြောချင်နေတဲ့စကားလည်း ဖြစ်ချင်ဖြစ်မယ်။ သို့သော်လည်း သူတို့ပါးစပ်က တစ်လုံးတစ်ပါဒမျှ အသံမထုတ်ပဲ ကိုယ့်ပါးစပ်က မနေနိုင်မထိုင်နိုင် အဲ့ဒီစကားထွက်လာအောင် အစဆွဲထုတ်ပြီးမှ “ဆရာစိုး ပြောပြီလေ” ဆို ကိုယ့်ခေါင်းစဉ် တပ်ယူမှာ။

စိတ်ချပါ။ ဆရာစိုးကလည်း မပြောပဲမနေပါဘူး။ စာအရှည်ကြီးရေးပြီးတော့ကို ကျကျနန လိပ်ပတ်လည်အောင်ပြောမှာ။ ချက်နဲ့လက်နဲ့ ချည်ပြီးတုပ်ပြီး ချုပ်ပြီးမှ သာသာရောနာနာရော နှက်မှာ။ သူ့စင်ပေါ် ကိုယ့်ပွဲမခင်းဘူး။ အဆင်ပြေရုံလေး ဖြေထားနှင့်မယ်။ ပွဲကြည့်ချင်သပဆို လာခဲ့လိုက်ခဲ့။ စောင့်မျှော်ဖတ်ရှုနေသူများရှိရာအရပ်ကို။

တဆိတ်လောက် မေးစမ်းပါရစေဗျာ။ ကိုဗစ်ကပ်ရောဂါကာလမှာ CDM လုပ်တဲ့ဆရာဝန်တွေက ဘာအလုပ်မှမလုပ်ပဲ ဟိုပြေးပုန်းလိုက် သည်ပြေးပုန်းလိုက် သူများပေးစာကမ်းစာစားနေတဲ့သူတွေလို့ ထင်နေတာလား ဟင်။ ငါလေ မြင်နိုင်ရင် မင်းကိုပြချင်တယ်။ ကိုယ်တွေဘယ်လို သေလုမျောပါး အလုပ်တွေ လုပ်နေရသလဲ ဆိုတာ။ ဒါဆိုလည်းး သတင်းဆိုတာ အချက်အလက် အကြောင်းအရာနဲ့ တိတိကျကျပြောရတာ။ ကိုင်း အခု ဘယ်မှာဘာတွေလုပ်နေသလဲ။ ဓါတ်ပုံနဲ့တကွ သတင်းဆောင်းပါးရေးပေးမယ်လေ။ အခုပဲပို့လိုက်ပါတော့။ Hot News ကြီးဖြစ်သွားအောင်။ အိမ်း ဒါကတော့ စိလို၍မေးခြင်း ဖြစ်ပေလိမ့်မယ်။ လိပ်စာတွေ ဖုန်းနံပါတ်တွေ တည်းခိုအိမ်တွေ အကုန်သိသွားရင် လာစိမှာ မဟုတ်ဘူးလား။ ယူတို့ဆိုသည်မှာလည်း PDF ကလေးတွေကို ဘယ်နေ့ဘယ်ချိန်မှာ ဘယ်နေရာကို လူအင်အားဘယ်လောက်နဲ့ ဘယ်လိုတိုက်မှာလည်း မေးလိုမေး။ ဆရာစိုးလေးရဲ့ လက်ရှိတည်နေရာနဲ့ အခုရိုက်တဲ့ဓါတ်ပုံ လိုချင်ပါတယ် ဆိုတာရှိသေး။

ဒါဖြင့်ရင် လိုကေးရှင်းကို ဖိတ်ဒ်အောက်လုပ်ပြီး activity ကို focus လုပ်ရအောင်လေ။ ပြော မှန်မှန်ပြော။ အခုဘာလုပ်နေလဲ။ ဆရာဝန်အလုပ်ပဲလား။ ဆေးကုနေတာလား။

ကိုင်းဟာ။ ဒီလောက်သိချင်နေမှဖြင့် ဒဲ့ပဲ လွှတ်လိုက်တော့မယ်။ အခု လူနာတွေ ဆေးကုနေတယ်။ ကိုဗစ်စင်တာတစ်ခုထောင်ထားတယ်။ လူကဖြင့် မိုးလင်းမိုးချုပ် လှုပ်တောင်မလှုပ်နိုင်ဘူး။ အကောင့်ဝမ်နင်ထိခံရတယ်တောင် ထင်နေကြတယ်။ အမှန်တိုင်းပြောရရင် လက်ထဲမှာ ဖုန်းကိုင်ပွတ်နိုင်ဖို့ကို အချိန်မရဘူး။ တောထဲတောင်ထဲသွား guidelines မရှိ စံမရှိနဲ့ ရမ်းကုထက် ပိုမသာပါဘူးထင်ရင် လာကြည့်လှည့်လေ။ ဖျာကြမ်းခင်း ဝါးကပ်ကာ စင်တာ မဟုတ်ဘူး။ ဧရာစင်တာက ထွက်လာတာဆိုရင် သဘောပေါက်လိုက်တော့။

အမှန်ကတော့ ကိုယ်ရောက်နေတဲ့အရပ်နဲ့ တော်တော်လှမ်းလှမ်းနေရာမှာ ကိုဗစ်အောက်ဘရိတ်ဖြစ်လို့ ရွာလုံးကျွတ် ဖျားနာအနံ့ပျောက်နေတဲ့ ရွာကြီးတစ်ရွာ ရှိပါသတဲ့။ သေလိုက်တာဆိုတာကလည်း နေ့စဉ်ရက်ဆက် ပြတ်တယ်လို့ကို မရှိပါဘူးတဲ့။ ရွာထဲမှာ ဆေးကုပေးတဲ့ ဆရာဝန်ပါသေသွား ဆရာမပါ ပြန်ပြေးသွားလို့ ဆရာဝန်လေးတစ်ယောက်လောက် လိုချင်ပါတယ်။ ဘယ်လောက်ပေးရပေးရ ကျေနပ်လောက်အောင် ပိုက်ဆံပေးပါ့မယ် ဆိုတာပါသေး။

သို့သော်လည်း အဲ့ဒါက ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာ မဟုတ်ပါဘူး။ အခုထက်ထိကို အဲ့ဒါနဲ့ပတ်သက်ပြီး စကားစပ်လို့တောင် မပြောဖူးဘူး။ ကိုယ်သိချင်တာက ရန်ကုန်မှာ ပြည်သူလူထုကြီး သည်းခြေပျက်မတတ် ခံစားနေရတဲ့ ကပ်ရောဂါလှိုင်းကြမ်းကြီးကို တောခေါင်ခေါင်ကလူတွေ ဘယ်လိုရင်ဆိုင်နေကြသလဲ။ ဘယ်လောက်အဖြစ်ဆိုးနေသလဲ။ ကိုယ်တိုင်အလုပ်လည်းလုပ် သတင်းလည်းယူ စာရေးဖို့ ကုန်ကြမ်းအဖြစ်လည်း ဖန်တီးရမှာပေါ့။ အဲ့ဒါနဲ့တင် တော်တော် စိတ်ဝင်စားဖို့ ကောင်းနေပြီ။

အဲ့ဒီအလုပ်နဲ့ပတ်သက်ပြီး ကိုယ့်ဘက်ကတောင်းဆိုစရာ တစ်ခုပဲရှိပါတယ်။ ကိုယ့်ရဲ့လုံခြုံရေးကို သူတို့ဘယ်လိုတာဝန်ယူမှာလဲ။ အခုခေတ်မှာ ဘိန်းခန်းတွေ ဖာခန်းတွေ ဘယ်သူကမှ အဖမ်းအဆီး အစစ်အဆေး မရှိပေမယ့် ဆရာဝန်က လူနာကိုဆေးကုရင် ဒိုင်းကနဲ ပစ်သတ်လိုက်လို့လည်းရတယ်။ သေချင်သေ ရှင်ချင်ရှင်။ အင်မတန့် အင်မတန် ရာဝတ်တော်ခံရမယ့် ပြစ်မှုကြီး ဖြစ်နေတာကိုး။ ကိုယ့်ဘက်က သေသေချာချာ ပြန်စဉ်းစားဖို့လည်း အချိန်တောင်းရပါသေးတယ်။ အကူးခံရဖို့တော့ သေချာသလောက်ရှိတယ်။ အဲ့ဒါကို ကိုယ် အလွယ်တကူ ကျော်ဖြတ်နိုင်မှာလား။ ဒါကတော့ မာနကို လာထိခိုက်တာပဲလေ။ ဒေါက်စိုးရဲ့ဘဝမှာ သေရမှာ ကြောက်လှချည်ရဲ့ဆိုတာ ဘယ်အခါကမှ မရှိခဲ့ဘူး။ အကျိုးအမြတ်နဲ့တွက်ရင် လူလိမ်မာတွေ ဘယ်တော့မှ မလုပ်တဲ့အလုပ်မျိုးကို မိုက်မိုက်ကန်းကန်း ဇွတ်လုပ်တတ်တာ ကိုယ့်ဝါသနာ။ နောက်နေ့ပဲ အကြောင်းပြန်လိုက်တယ်။ ဘာဖြစ်ချင်တာလဲ။ ဘာလုပ်ပေးရမလဲ။ ကုရမှာ ကိုဗစ်။ အောက်ဆီဂျင်ရောရှိရဲ့လား။ PPE ရောစုံရဲ့လား။ ဆေးရောစုံပြီလား။ မေးခွန်းက မဆုံးသေးဘူး။ ဟိုဘက်က အခု ကျွန်တော် ကားလွှတ်လိုက်ပြီ ဆိုတော့ ဘာမှပြန်ပြောစရာကို မရှိတော့ဘူး။ ဗြုန်းစားကြီးကို စိတ်ပိုင်းဖြတ်ပြီး နာရီဝက်အတွင်း အထုပ်ပြင်ထွက်ခဲ့ရပါသော်ကောလား။