မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ နိုင်ငံရေးသမားတွေက ငုတ်တုတ်ကလေး အဖမ်းခံလိုက်ရပြီး ဘယ့်နှယ့်ကြောင့် ဆရာဝန်တွေက ထိပ်ဆုံးကနေ သူ့ကျွန်မခံပြီ ထတော်လှန်နေရသလဲ ဆိုတာ စိတ်ဝင်စားစရာ မကောင်းပါလား။ ကိုယ်တို့ ဆေးပညာလောကသားတွေ နှီးနောတိုင်ပင်တဲ့အခါမှာလည်း ဘယ်တုန်းကမှ စစ်တပ်မကောင်းကြောင်း မယ်ဖျားကောင်းကြောင်း စကားစပ်လို့တောင် ထည့်မပြောခဲ့ကြဖူးပါဘူး။ ဆရာဝန့်ပါးစပ်ဆိုတာ သူ့အတတ်ပညာနယ်ပယ်မှ မဟုတ်တယုတ် လာလုပ်လို့ကတော့ အနီသော အစိမ်းသော ဘယ်သူ့ကိုမှ ချမ်းသာမပေးကြပါဘူး။ အခုတလော လော်ဘီလောက်ကောင်တွေ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ “ဆရာဝန်ဆိုတာ ဘယ်အစိုးရတက်တက် လူနာတွေရဲ့အကျိုးကိုပဲ လိုလားရတယ်။ ဟိုအစိုးရတက်ရင် လက်မခံဘူး။ ဒီအစိုးရတက်မှ ဆေးကုမယ် ဆိုတာ ဆရာဝန်စိတ်ထား မဟုတ်ဘူး။ ဆရာဝန်ကျင့်ဝတ်နဲ့ မညီဘူး။” လို့ အတင်းကြီး စိတ်ထားမြင့်မြတ်ဖြူစင်ပြနေသူတွေရဲ့ စကားဟာ မြဝတီကလွှင့်တဲ့သတင်းတွေလိုပဲ အမှန်တရားကိုမျက်ကွယ်ပြုပြီး ကိုယ်ပြောချင်တဲ့စကားကိုသာ ကျားကျားမီးယပ် နားပိတ်ငြင်းနေတဲ့ သဘောမျိုးဖြစ်ပါတယ်။ တကယ်တန်းကျတော့ အဲ့သလိုပြောနေတဲ့သူကသာ ဆရာဝန်စိတ်ဓါတ်မရှိတဲ့ ဆရာဝန်တွေရဲ့ မြေပြင်အခြေအနေတွေကို နားမလည်၊ ဆရာဝန်အလုပ်တွေကို ထဲထဲဝင်ဝင် ရေရေရာရာ မလုပ်ဖူးပဲ “ဘယ်သူလာလာ ငါ တည့်အောင်ပေါင်းပြီး နေရာကောင်းယူပြမယ်” ဆိုတဲ့သူတွေ များပါတယ်။ ဘာကြောင့်ဆိုတော့ ဆရာဝန်တွေ ဆရာမတွေ ဆိုကြပါတော့ ဆေးပညာလောကသားတွေ ဘာဖြစ်လို့ CDM လုပ်ကြသလဲ ဆိုတဲ့ အဓိပ္ပါယ်ကို သူနားမလည်သေးဘူး။ သူထင်တာ အဲ့ဒါ NLD အစိုးရအတွက်လုပ်နေတာ လို့ပဲ အောင့်မေ့နေတာ။ ဉာဏ်တိမ်တာလား မသိချင်ယောင်ဆောင်နေတာလားတော့ မသိဘူးပေါ့လေ။ အခုလောလောဆယ် ကြောင်းတိုက်ဆိုင်လာလို့ “ဆရာဝန်တွေ ဘာဖြစ်လို့ CDM လုပ်ကြသလဲ။” အဲ့ဒါလေး နားလည်အောင် ရှင်းပြပေးပါလားလို့ တစုံတယောက်က တောင်းဆိုတာတဲ့အခါ သူတို့တွေပါ သဘောပေါက်သွားအောင် ဒိုးဒိုးဒေါက်ဒေါက် ရှင်းပလိုက်ပါတော့မယ်။
အရင်ဆုံး သိထားဖို့ရာက ဆရာဝန်တွေ CDM လုပ်တာဟာ ဘယ်တုန်းကမှ ပါတီနိုင်ငံရေးမပါခဲ့ဘူး။ ဆရာဝန်အလုပ်ကို မဲဆွယ်ဖို့ ခေါ်ခေါ်သုံးတဲ့သူတွေကို ဆရာဝန်တွေက သိပ်မုန်းတယ်။ “ဒါဖြင့်ရင် ဆရာဝန်တွေလုပ်တာ အမျိုးသားနိုင်ငံရေးလား။ အဘတို့လို အမျိုးဘာသာ သာသနာအတွက်လား။” လို့ ဒိုင်ကြောင်တွေ လာမရောနဲ့။ ဒါ နင့်အရာ မဟုတ်ဘူး။ ပညာရှင်အဝန်းအဝိုင်း။ ဉာဏ်မမီရင် တိတ်တိတ်နေ။ ကိုယ့်အရှက်ကိုယ် မခွဲနဲ့။ တကယ်တမ်းတော့ ဆရာဝန်တွေ CDM လုပ်တာဟာ လူနာတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့၊ ကိုယ့်လုပ်ဖော်ကိုင်ဘက် ဆေးလောကသားအချင်းချင်း စောင့်ရှောက်ဖို့၊ ကိုယ်တို့မြန်မာပြည်ဆေးလောကကြီး ထုံးမန်းနနွင်းမန်းနဲ့ကုတဲ့ခေတ်ကို ပြန်မရောက်ဖို့၊ အစဉ်အဆက် သမားဟူးရားကြီးများ ထူထောင်လာခဲ့ရတဲ့ ပညာရပ်တွေ ရေစုန်မျောမသွားစေဖို့ဖြစ်ပါတယ်။ ဒါ တိုတိုနဲ့လိုရင်းကို ဒဲ့ပြောတာ။ စာဆုံးအောင်ဖတ်ပြီးရင် ဟုတ်သည် မဟုတ်သည် ပြန်ချင့်ချိန်။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ ပထမဦးဆုံး ဆရာဝန်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ ပြသနာကတော့ ကိုဗစ်ကပ်ရောဂါပါပဲ။ နှစ်ပေါက်တော့မယ်။ ကိုယ်တို့တတွေ အိမ်မပြန်နိုင်ပဲ ဆေးရုံမှာ သူများကျွေးတာလေးစားပြီး ဖြစ်သလိုနေ သေလုမျောပါး အလုပ်လုပ်လာခဲ့ရတာ။ သူများနိုင်ငံတွေ ဘယ်လိုပဲ ခက်ခဲကြမ်းတမ်းစွာ ဖြတ်ကျော်ခဲ့ကြပစေ။ ဧပြီ မေလောက်ဆိုရင်တော့ ကိုယ်တို့ဆီမှာ အောင်အောင်မြင်မြင် အဆုံးသတ်နိုင်တော့မယ်လို့ အားခဲထားတာ အားလုံး တစ်ညအတွင်းမှာ ပြိုပျက်သွားတယ်။ ဘာဖြစ်လို့ဆိုတော့ အာဏာသိမ်းတဲ့သူတွေက အာဏာတင်သိမ်းတာမဟုတ်ပဲ ကာကွယ်ဆေးတွေရော၊ ဓါတ်ခွဲစစ်ဆေးရမယ့် Reagent တွေရော၊ ကုသပေးရမယ့် တန်ဖိုးကြီး ဆေးပစ္စည်းတွေရော၊ လူနာတွေအတွက် လှူတန်းထားတဲ့ မတည်အလှူငွေတွေရော အကုန်သိမ်းသွားတဲ့အပြင် အိန္ဒိယအစိုးရဆီမှာ သွင်းထားနှင့်တဲ့ ဒေါ်လာသန်းချီတဲ့ငွေတွေကိုပါ “ဆေးမယူတော့ဘူး။ ပိုက်ဆံပြန်ပေး။” ဆို ပြန်တောင်းခိုင်းပါတယ်။ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ စည်ပင်ရိပ်သာထဲမှာ ဖေ့စ်ဘုတ်စတေးတပ်စ်လေးတွေ ရေးတင်နေတဲ့အချိန်မှာပဲ ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေး နဲ့ အလှူငွေတွေကို တာဝန်ယူရတဲ့ ဆရာဝန်က သူတို့ခိုင်းတဲ့အတိုင်းမလုပ်နိုင်လို့ အလှူငွေတွေ ဘတ်ပြေးပါတယ်လို့ နံမည်ဖျက်ခံရပြီး ဝရမ်းပြေးဘဝ ရောက်သွားပါတယ်။ မေ့ကုန်ပြီလား မသိဘူးနော်။ အဲ့ဒီကိစ္စ မီဒီယာတွေပေါ် ဟိုးလေးတကျော်ပါ။ တနိုင်ငံလုံးအတွက် ရည်ရွယ်ပြီး စီမံဆောင်ရွက်နေတဲ့ ကာကွယ်ဆေးထိုးရေးလုပ်ငန်းတွေဟာ ဘယ်သူသေသေ ငတေအရင်ဆေးထိုးမယ်ဆိုပြီး ယူသွားတာလေ။ စစ်တပ်ကြောက်လို့ ကိုဗစ်ကြီးတောင် ငြိမ်ဆင်းသွားတယ် မထင်နဲ့။ နောက်ထပ် စစ်မပေးနိုင်တော့လို့ လူနာတွေ လွှဲပြောင်းကုသပေးမယ့် နေရာတွေ မရှိတော့လို့၊ ဆေးကုစားရိတ်၊ ခွဲခြားစောင့်ကြည့်မှု စားရိတ်တွေ သူတို့ဆီပါသွားလို့ ဘာစာရင်းမှ မတက်တော့တာ။ တကမ္ဘာလုံးမှာ နေ့စဉ်ရောဂါကူးစက်ပြန့်ပွားမှု ကိန်းဂဏန်းတွေပြတဲ့ဇယားမှာ သေသေချာချာ မှတ်တမ်းရှိတယ်။ ဖေဖော်ဝါရီလဆန်းတာနဲ့ မြန်မာပြည်မှာ ကူးစက်ပြန့်ပွားနှုန်းက ဇီးရိုးဖြစ်သွားတာ။ လုံးဝမရှိတော့ပါဘူးလို့ကို ကမ္ဘာသိအောင် ကြော်ငြာရဲတာ မြောက်ကိုရီးယားပြီးရင် မြန်မာပြည်က ဒုတိယလိုက်တယ်။
အဲ့ဒီအချိန်ကစလို့ ဖောင်ဒေးရှင်းတွေ၊ အလှူငွေလက်ခံပြီး စီမံခန့်ခွဲနေတဲ့သူတွေ၊ ကိုဗစ်တိုက်ဖျက်ရေး ရံပုံငွေနဲ့ ဆက်စပ်ပတ်သက်တဲ့သူမှန်သမျှကို ခွေးများလို အနံ့ခံပြီး လိုက်ဆွဲတော့တာပါပဲ။ Marie Stopes က Country Manager ကိုစစ်နိုင်ကြီးတောင် သူ့မိဘအိမ် စစ်တပ်နဲ့ဝိုင်းပြီး လာရှာသေးတယ် မဟုတ်လား။ အဲ့သလိုမျိုး မဟုတ်ကဟုတ်က အလုပ်တွေကို စစ်သားတွေက အမိန့်အရ လုပ်နိုင်ပေမယ့် ဆရာဝန်တွေကတော့ မလုပ်နိုင်ဘူးဗျ။ ရှင်းရှင်းပဲ။ ဒါကြောင့် အဲ့သလိုအမိန့်တွေကို မနာခံနိုင်ဘူးဆိုတဲ့ အတွေးရတယ်။ ဘယ်က NLD အမတ်ကမှ “ကျွန်တော်တို့ကို ကယ်ပါဦး။ CDM လေး လုပ်ပေးပါ။” လာမဆွယ်ဘူး။ ကိုယ်မလုပ်နိုင်တဲ့အကြောင်း ကိုယ့်ဘာသာ ပြတ်ပြတ်သားသားသိလို့ လုပ်တာ။
CDM လှုပ်ရှားမှုမှာ ကနဦးပါဝင်တဲ့သူတွေကတော့ ဆရာဝန်အငယ်တွေပါပဲ။ သူတို့မှာလည်း သူတို့အကြောင်းပြချက်နဲ့သူတို့ ရှိပါတယ်။ ဆေးကျောင်းပြီးလို့ အစိုးရအလုပ်ထဲတန်းဝင်တဲ့ ဆရာဝန်အများစုဟာ ဆရာရဲမြင့်ကျော်စာအုပ်ဖတ်ပြီး ကြိုးကြာတောင်ပံခတ်ဖို့ မဟုတ်ပါဘူး။ သူတို့ဘဝမြင့်မားရေး Career Development အတွက် ဘွဲ့လွန်သင်တန်းတက်ဖို့ အထူးကုဆရာဝန်ဖြစ်ဖို့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းလိုက်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ အဲ့သည်အိပ်မက်က ဈေးမပေါပါဘူး။ တစ်ဘဝလုံးရင်းရတာပါ။ အာဏာသိမ်းလိုက်တဲ့အခါ ဒီကလေးတွေရဲ့ အိပ်မက်ရော အနာဂတ်ပါ ပြိုကျပျက်စီးသွားပါတယ်။ ခေတ်တွေက မတူတော့ပါဘူး။ ကိုယ်တို့ဘွဲ့လွန်တက်တုန်းက စာကြည့်တိုက်ကစာအုပ်တွေဖတ် လက်ရေးနဲ့မှတ်စုထုတ်ပြီး မိတ္တူကူးထားတာကို ကျက်ရမှတ်ရတဲ့ဘဝကနေ သူတို့လက်ထက်မှာ ရှေ့ကဆရာဝန်ကြီး round လှည့်ရင်း စာမေးရင် နောက်နားက Tablet နဲ့ ပွတ်ပြီး အဖြေရှာလို့ရနေပါပြီ။ အခု အာဏာသိမ်းသိမ်းချင်းမှာကို တယ်လီဖုန်းတောင် ခေါ်မရတော့ဘူး။ အင်တာနက်ကို နည်းမျိုးစုံနဲ့ ပိတ်၊ ကျောင်းတံခါးကြီးတွေပိတ်ပိတ်သွားတယ် မဟုတ်ဘူးလား။ ဟောက်ဆာဂျင်ပြီးရင် အလုပ်ဝင်မယ့်ကလေးတွေ၊ ကျူရှင်တက်ပြီး MLE ဖြေ။ PLAB ဖြေမယ့်ကလေးတွေ အကုန်လုံးလမ်းပျောက်ကုန်ပြီလေ။ အခုတောင် “ဆရာဝန်တွေအားလုံး နိုင်ငံကူးလက်မှတ်တွေ ဖျက်သိမ်းပလိုက်။” ဆိုတဲ့ အမိန့်ထွက်လာပြီ မဟုတ်လား။ မြောက်ကိုရီးယားမှာ MRCP FRCS မရှိမှန်း ကလေးရောခွေးရော သိတယ်။ အဲ့ဒီဘဝတော့ ဘယ်အရောက်ခံလိမ့်မလဲ။ သူတို့က ကိုယ့်ထက်စာရင် မျက်စိတွေ နားတွေ ပွင့်ကုန်ပြီ။ Gen Z တွေ မဟုတ်လား။ မတွေဝေဘူး။
ဆရာဝန်တွေ CDM လုပ်တဲ့အခါ ပထမဦးဆုံး ရင်ဆိုင်ရတာက “လူနာတွေကို ပစ်သွားမှာလား။” ဆိုတဲ့ ပြဿနာပါ။ ပူမနေပါနဲ့။ ဘယ်သူမှ မျက်နှာလွှဲခဲပစ်မလုပ်ပါဘူး။ ကိုယ့် Ward ထဲက ဆရာဝန်လေးတွေက CDM လုပ်ဖို့ အလုပ်မတက်တော့ဘူးလို့ ပြောပေမယ့် ဆေးထိုးချိန်ဆို လာထိုးပေးပါတယ်။ ဆေးရုံဆင်းလူနာရှိရင် DC ကြိုရေးထားပေးတယ်။ ဆရာမလေးတွေလည်း အတူတူပဲ။ Duty မလာပေမယ့် လူနာအတွက် လုပ်စရာရှိတဲ့ Changes တွေကို သူတို့ကိုယ်တိုင် လာလုပ်ပေးပါတယ်။ ဆေးရုံမှာ နေ့နေ့ညည ကိုယ်တစ်ယောက်တည်း ရှိတယ်ဆိုပေမယ့် ကိုယ်ကိုယ်တိုင် PPE ဝတ်ပြီး လူနာခန်းထဲဝင် အနာဆေးထည့်ပေးရတာ အားလုံးပေါင်း နှစ်ခါသုံးခါထက် မပိုပါဘူး။ ဆရာဝန်ပဲဖြစ်ဖြစ် ဆရာမပဲဖြစ်ဖြစ် လူနာအတွက် ကိုယ်လုပ်စရာရှိတဲ့ဝတ္တရားကို ကုန်အောင်လုပ်ပြီးမှ လူနာဆောင်တံခါးပိတ်တာပါ။ နောက်ထပ်လည်း ကိုဗစ်က ထပ်မှမစစ်တော့တာ။ လူနာလာစရာ မရှိတော့ပါဘူး။ သို့သော် အပြင်ဆေးခန်းမသွားနိုင်ပဲ ဆေးရုံကြီးကိုပဲ အားကိုးနေရတဲ့ အခြေခံလူတန်းစားတွေအတွက် ဘယ်လိုလုပ်မလဲ ဆိုတဲ့ ပြဿနာ ရှိလာပါတယ်။ သူတို့ပြောချင်တာက ဒီလိုလူတွေအတွက် ထည့်မစဉ်းစားဘူးပေါ့လေ။ အမှန်က သူတို့က ဒီလိုလူတွေကို အခုမှ သတိရတာပါ။ ကိုယ်တွေက ဆေးရုံပိတ်ကတည်းက ဆေးရုံမလာနိုင်တဲ့လူနာတွေအတွက် ဘယ်လိုကုမလဲဆိုတဲ့ အစီအစဉ်ပါ ပြင်ဆင်ထားပြီးသား၊ ကုနေနှင့်ပြီးသားပါ။ CDM ဆိုတာ ဆရာဝန် ဆရာမချည့် ရှိတာမဟုတ်ဘူး။ လူနာတွေလည်း ပါတယ်။ CDM လူနာတွေကို ကုဖို့ ဆေးရုံတွေမှာ အဆင်မပြေတော့ရင် အဆင်ပြေတဲ့နေရာမှာ ကုနိုင်အောင် ကိုယ့်ဘာသာ စီစဉ်ရပါတယ်။ အသိမိတ်ဆွေ အပြင်ဆေးခန်းပိုင်ရှင်တွေနဲ့ ညှိရတယ်။ ငွေရေးကြေးရေး ထောက်ပံ့ကူညီပေးမယ့်သူ ရှာရတယ်။ ဆေးကုမ္ပဏီတွေကနေ ဆေးဝါးပစ္စည်းတွေ အလှူခံရတယ်။ အရေးကြီးတာက ဆရာဝန်အချင်းချင်း CDM လူနာ ကုပေးနေတာ ဘယ်သူဘယ်မှာရှိတယ် ဆက်သွယ်ချိတ်ဆက်ရပါတယ်။ နင်တို့တွေက ဆင်းရဲသားလူနာတွေကို မငဲ့ညှာပဲကိုးလို့ ပါးစပ်ပြောကလေးနဲ့ ဖေ့စ်ဘုတ်ပေါ်တက်အော်နေတဲ့အချိန်မှာ ကိုယ်တို့တွေက စကားတောင် မပြန်နိုင်ပါဘူး။ အပြင်မှာ လူနာတွေနဲ့ လုံးချာလိုက်နေတာ။ ခွဲခန်းထဲမှာ သူနာပြုမလောက်လို့ နေ့စားပုတ်ပြတ်နဲ့ အသစ်ခန့်မယ် ခေါ်တာတောင်မှပဲ “ဆရာလိုအပ်ရင် အချိန်မရွေးခေါ်လိုက်။ အလကားလာလုပ်ပေးမယ်။ ပိုက်ဆံနဲ့တော့ မလုပ်ချင်ဘူး။” လို့ ပြတ်ပြတ်သားသား ပြောပါတယ်။ ဟုတ်တယ်လေ။ ကိုယ်တွေလည်း CDM လူနာဆို ဘယ်သူကမှ ပိုက်ဆံနဲ့ကုတာ မဟုတ်ဘူး။ ဓါတ်ခွဲဓါတ်မှန်ကအစ။ ငတ်လို့လုပ်တာမဟုတ်ဘူး။ ပြတ်လို့လုပ်တာ။ ပြတ်သားတယ်။ ဆရာဝန်တွေ ဆေးကျောင်းသားတွေ ဝှိုက်ကုတ်တွေနဲ့ ထိုင်သပိတ် ထသပိတ် လမ်းလျှောက်သပိတ်လုပ်နေတာတောင် ကိုယ့်မှာ တမနက်ခင်းလေးပဲ အပြေးအလွှား ဓါတ်ပုံသွားရိုက်နိုင်ပါတယ်။ ဆေးခန်းမှာ လူနာလာရင် ဖုန်းဆက်ခေါ်လို့ ညတိုင်းကောင်းကောင်းမအိပ်ရဘူး။
မရှိဆင်းရဲသားလူနာတွေ ဘယ်မှာ ဆေးကုသလဲ မသိတဲ့သူတွေသာ ဆရာဝန်တွေက ကုမပေးဘူးလို့ ထင်နေတာပါ။ ရန်ကုန်ပတ်ဝန်းကျင်က Ambulance မောင်းတဲ့သူတွေ အကုန်သိတယ်။ ညရေးညတာ အရေးပေါ်လူနာတွေကို ဘယ်နေရာက လက်ခံကုပေးတယ်။ ဘယ်နေရာက အကြောင်းပြချက်မျိုးစုံနဲ့ အတင်းပြန်လွှတ်တယ်။ မသိလို့ရမလား။ သူတို့ကားပေါ်ပါလာတဲ့လူနာ လက်ခံတဲ့ဆီပို့မှ သူတို့အလုပ်ပြီးမှာလေ။ အဲ့ဒီလိုမျိုး CDM လူနာတွေကို ကုသပေးတဲ့အလုပ်မှာ လူနာက ပိုက်ဆံမရှိတာကလည်း ပြဿနာ မပေါ်ပါဘူး။ ဆရာဝန်က ပိုက်ဆံမရတာကလည်း ကိစ္စမရှိပါဘူး။ ကြားထဲက အာဏာသိမ်းထားတဲ့ စစ်တပ်ကပဲ သခွပ်ပင်ကမီးတကျီကျီ ပြဿနာထရှာပါတယ်။ ပြည်မှာ ထက်ပိုင်းပြတ်သွားတဲ့လက်ကို ရလိုရငြား ကြိုးစားပန်းစား ဆက်ပေးတဲ့ Ortho Surgeon ကို ချဲသမား ဖဲသမားဖမ်းသလို နံမည်တပ် ဓါတ်ပုံတင်ပြီး အပုတ်ချစော်ကားတယ်။ ဆေးရုံတကာလိုက်ပြီး လူနာစာရင်း ခွဲခန်းစာရင်းတွေ တောင်းပြီး ဘယ်ဆရာဝန် ဘယ်ချိန်ဘာလုပ်တယ် ပုလိပ်စစ်စစ်တယ်။ လူနာကြည့်ပြီး ပြန်တဲ့ဆရာဝန်ကိုလည်း ဆေးခန်းရှေ့ ကားနဲ့ပိတ်ရပ်ပြီး လမ်းဘေးဈေးသည် ဂဠုန်သုတ်သလို သုတ်တယ်။ ကလေးတွေ ကုတဲ့ စေတနာ့ဝန်ထမ်းဆေးခန်းကလေးမှာ Surgical Blades ပါလို့ Lethal Weapon ဆိုပြီး ပုဒ်မတပ်တယ်။ Methylated Spirit ပါလို့ Explosive Chemical ဆိုပြီး တရားစွဲထောင်ချတယ်။ ပြန်လွှတ်မပေးဘူး။ ဆရာဝန်တွေကို အကြိမ်ကြိမ်အခါခါ နားရွက်တံတွေးဆွတ်ပြီး အနိုင်ကျင့်စော်ကားတာ MMA တို့ MMC တို့က ပါးစပ်ကြီးပိတ်နေနိုင်ပေမယ့် ဆရာဝန်တလောကလုံးကတော့ အသည်းနာကြတယ်။ သူတို့နဲ့ ဆက်အလုပ်မလုပ်ချင်တော့ဘူး။
ဒီနောက်ပိုင်းမှာ ဒီ့ထက်ပိုပြီး အသည်းနာစရာတွေ ဖြစ်လာတယ်လေ။ ပစ်တာခတ်တာမှာ ဆရာဝန် ဆရာမ ကြက်ခြေနီလည်း ချန်မထားတော့ဘူး။ အလံဖြူလည်း မလာနဲ့။ Ambulance လည်း ပစ်မှာပဲ တွေဘာတွေ ဖြစ်ကုန်တယ်။ ဂျနီဗာကွန်ဗန်းရှင်းတွေ ဘာတွေလည်း သူတို့မကြားဖူးဘူး။ Professional Army မှ မဟုတ်တော့တာ။ အဝတ်စအနံ့ပေးပြီး လိုက်ကိုက်ခိုင်းတဲ့ စစ်ခွေးတွေ ဖြစ်ကုန်တာကိုး။ ကိုယ့်အိမ်ကိုယ်နေတဲ့ အရပ်သားတွေကို သက်ကြီးရွယ်အို ကျားမကလေးသူငယ်မရွေး မသေသေအောင် ပစ်သတ်တယ်။ အချိန်မီဆေးကုသခွင့်မရအောင် ပိတ်ဆို့တားဆီးတယ်။ ဆေးရုံပေါ်မှာ သေနတ်ဒဏ်ရာနဲ့ ခွဲစိတ်ပြီးကာစလူနာကို တက်ဖမ်းတယ်။ ဆေးရုံအဝမှာ ခွဲစိတ်ကုသပေးတဲ့ဆရာဝန်ကို စောင့်ဖမ်းတယ်။ သေပြီးသားလူနာကို သက်သေခံပစ္စည်းတွေ ဖျောက်ဖျက်တယ်။ ဆိုင်ကယ်ပေါ် သေနတ်နဲ့ တည့်တည့်ပစ်တာ အမေရိကားကနေတောင် လှမ်းမြင်တယ်။ မြန်မာပြည်ကဆရာဝန်ကတော့ “လိမ့်ကျလို့ခေါင်းကွဲတယ်။” ဆေးစာရေးပေးရတယ်။ အရပ်သားဆရာဝန်ကတော့ ဒါမျိုးလုပ်စရာလားမောင်ရို့။ “မလုပ်နိုင်။ ထွက်လေ။” လို့ အပြောမခံရခင်ကို ထွက်တယ်။ အဲ့ဒါ CDM ပဲ။
အဲ့ဒီ CDM ကြီးကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားကြီး ရပ်ဆိုင်းသွားတဲ့အခါ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်မှာကို ဘယ်တုန်းကမှ ခေါင်းထဲမထည့်သော်ငြားလည်း “ငါ့သြဇာကို အာခံတာလား။” ဆိုတဲ့ အာဏာရှင် မာရ်စွယ်နဲ့ မရရအောင် ဖြိုခွင်းဖို့ ကြံတယ်။ သိပ်မခက်ပါဘူး။ CDM ရှိရင် Non CDM ဆိုတာလည်း ရှိရမှာပေါ့။ ငါတို့စကားနားထောင်ရင် နေရာရမယ်။ ရာထူးရမယ်။ မြင်တယ်နော်။ မဲတစ်မဲမှ ရစရာမလိုပဲ ဝန်ကြီးခန့်ပလိုက်ဖို့ ဝန်မလေးဘူး။ ငါ့စကားနားမထောင်ရင် နင့်အိမ်နင်နေလို့လည်း မရဘူး။ ထောင်ထဲသွားမနေချင် ငါမသေမချင်း ဝရမ်းပြေးလုပ်နေချေတော့။ နင်ပြေးလို့ နင့်မမိရင် နင့်မိဘ နင့်သားမယားဖမ်းမယ်။ နင့်ရှိသမျှ ဥစ္စာပစ္စည်း အကုန်သိမ်းမယ်။ ဆိုတာမျိုး ဗျူဟာတွေ ခင်းလာတာပေါ့။ ရှင်းရှင်းပြောရရင် စစ်တပ်ဟာ ဆရာဝန်တွေ သူနာပြုတွေဘက်ကို စစ်မျက်နှာလည့်လာတာပေါ့။ သူလုပ်တတ်တာလည်း ဒါပဲ ရှိတာလေ။ အောင်မြင်သလား မအောင်မြင်ဘူးလား။ ပိတ်ကားပေါ်မှာ ကြည့်လေ။ လယ်ပြင်မှာ ဆင်သွားနေတာကြီးကို။
သူတို့က အကြောက်တရားတွေနဲ့ ခြောက်ခြားအောင် ခြောက်လှန့်တဲ့အခါ အသည်းငယ်တဲ့သူတွေကလည်း ကြောက်ကြလန့်ကြတာပေါ့လေ။ “နင်တို့က ကျောက်တောင်ကို ကြက်ဥနဲ့ ပေါက်မလို့လား။” ဆိုတာက ရှိသေး။ ပေါက်ရမှာပဲ။ မပေါက်လည်း ကျောက်တောင်ကဖိလို့ ကြက်ဥကွဲရမယ့်အတူတူ သူအဖိတော့ မခံဘူး။ ကိုယ့်ဘာသာကိုယ် ဖောက်ခွဲပစ်မယ်။ စစ်ဘိနပ် လျှာနဲ့လျက် ခစားမယ့်အစား သေလည်း ဂုဏ်သိက္ခာနဲ့သေရတယ်။ ဆရာဝန်ဆိုတာ စစ်ဗိုလ်မဟုတ်ဘူး။ ဒုတိယဗိုလ်ချုပ်မှူးကြီးဖြစ်တဲ့အထိ အထက်ကလူ သေဆိုသေ ရှင်ဆိုရှင် ဦးနှောက်မပါပဲ မခစားနိုင်ဘူး။ ကိုယ်မလုပ်ချင်တဲ့အလုပ်ကို ဘာဖိအားနဲ့မှ လာမခိုင်းနဲ့။ မလုပ်ဘူး။ သိထားဖို့ရာက ဒီအတတ်ပညာနဲ့ ဒီအလုပ်လုပ်နေတာဟာ စစ်သားတွေလို တိုင်းပြည်ကအညွန့်အဖူး အဆီအနှစ်တွေ ဝေပုံကျ စားရမျိုရနိုးနိုး မျှော်ကိုးရင်းနှီးနေတာ မပါဘူး။ လုပ်ပိုင်ခွင့်နဲ့ ပိုက်ဆံရှာတဲ့အစားမဟုတ်။ ကိုယ့်ပညာနဲ့ကိုယ် အသက်မွေးတဲ့အစား။ ဒါကြောင့် အစိုးရအလုပ်ထဲကဆရာဝန်ဆိုတာ သူတတ်နိုင်သလောက် ပေးဆပ်နေတာပဲ ရှိတယ်။ အလုပ်ထဲမှာ ပညာကလွဲရင် ဘာမှ ယူစရာ မရှိဘူး။ အချိန်မရွေး အလုပ်ထွက်လို့ရတယ်။ အလုပ်ကသာ ဆရာဝန်မရှိရင် ဘယ်သူနဲ့ဆေးကုမလဲ စဉ်းစားရမှာ။
သို့သော်လည်း အပြောမကြီးပါဘူး။ လူတိုင်း အဲ့သလို စိတ်ထားရှိတာမှ မဟုတ်တာ။ လာပြီလေ။ Non CDM ဆရာဝန်တွေ။ မောင်မရှိ မောင်သာငတ်။ မောင့်နေရာ လူမပြတ်စေရပါဘူး မောင်ရာ။ ဟဲဟဲ။ အထူအပါး နားမလည်တဲ့ ယူတို့ အာဏာသိမ်းမှုကြီး မအောင်မြင်တာ အဲ့သလိုမျိုး အတွေးအခေါ် ဉာဏ်ရည်တွေကြောင့်ပဲ လို့ ပြောရင် စိတ်မဆိုးနဲ့ဦးနော်။ လဲသာ သေပလိုက်။ ဆရာဝန်ဆိုတာ ရှမ်းပွဲမှာ နွားဝယ်သလို နွားထီး ၅ ကျပ်၊ နွားမ ၅ ကျပ်၊ အကုန်လုံးအတူတူလို့ မမှတ်လိုက်နဲ့။ ငကန်းသေတိုင်း ငစွေရှာမရတဲ့ အစားမျိုး။ ပညာမတတ်တဲ့သူ ပညာကို တူတူတန်တန် မသင်ဖူးတဲ့သူတွေဆိုတော့ ပညာအကြောင်းပြော မောရုံပဲ ရှိမယ်။ မပြောတော့ဘူး။ နားလည်အောင် ဒဲ့ပဲ လွှတ်ခဲ့မယ်။ အခုအလုပ်ထဲက ထွက်သွားတဲ့ ဆရာဝန်တွေနေရာမှာ သမားဇာနည် အောင်စစ်သည်တို့နဲ့ အစားထိုးချင်ထိုး၊ CDM မလုပ်သော လူလိမ်မာဆရာဝန်များနဲ့ ဆက်လက်ချီတက်ချင် ချီတက်။ စွမ်းမယ်ထင်ရင် လုပ်ကြည့်လိုက်။ ဒီမှာ ပြုံးပြုံးလေး လက်ပိုက်ပြီး ကြည့်နေတယ်။ သိလား။ လုပ်ချင်တဲ့သူတွေ လုပ်ကြပလေ့စေ။ အိုင်ကတော့ လုပ်ကိုမလုပ်တာ။ ရှင်းတယ်နော်။
အဲ့ဒီတော့ ဘာဖြစ်သလဲ ဟင်။ ဆေးရုံတွေ ပြန်ဖွင့်နေပြီလား။ လူနာတွေ စည်ကားနေပြီလား။ မြဝတီ သတင်းထဲမှာ စောင့်ကြည့်ကြလေ။ ကုတင်အသစ် စောင်အသစ် အိပ်ယာခင်းအသစ်ကလေးတွေနဲ့ တန်းစီညာညှိထားတဲ့လူနာတွေ အပြည့်ပဲ။ ဆေးရုံတက်လိုက်၊ ဒန်းစီးလိုက်၊ ဆန္ဒဖော်ထုတ်လိုက် လုပ်နေတဲ့ ဗိုက်ပူမကြီးတစ်ယောက်ဆို လူတကာမှတ်မိလို့ ဆယ်လီတောင် ဖြစ်နေပြီ။ နှာခေါင်းပိုက်ထဲ အောက်ဆီဂျင်တပ်ထားတဲ့ စောင့်ရှောက်ကုသမှုတွေ ပေးနေကြတာ ဝက်ဝက်ကိုကွဲရော။ ကယ်နျူလာတောင် ပြောင်းပြန်စိုက်တဲ့အစားတွေ။ ခုနေများ ကိုဗစ်ထပ်လာလို့ကတော့ ငါတို့တိုင်းပြည် တစ်ယောက်မှ မရှင်လောက်ဘူး။ သတင်းစာနဲ့ ကောက်ညှင်းပေါင်းနဲ့ ငါးခြောက်ကျော်နဲ့ ခွေးသူခိုးနဲ့ ကွက်တိပဲ။ (နားမလည်ရင် ဦးပေါစံကြီး ပျက်လုံးပြန်ရှာ)
ဆရာဝန်တွေဘက်မှာရော ထိခိုက်နစ်နာမှုတွေ မရှိဘူးလားဆိုတော့ ဘယ့်နှယ်ပြောပါလိမ့်။ ဆရာဝန်ဆိုတာ မိသားစုကရော မိတ်ဆွေအသိုင်းအဝိုင်းကပါ ရွှေပေါ်မြတင် ထားရတဲ့ အတန်းအစား။ အခု သူတို့ကြောင့် နေရင်းထိုင်ရင်း ဝရမ်းပြေးတွေကိုဖြစ်လို့။ ကိုယ့်အိမ်ကိုယ် မအိပ်ရ။ ကိုယ့်မိဘအိမ်မပြန်ရ။ ဆေးခန်းမှာ လူနာမကြည့်ရ။ လမ်းမှာ စစ်သားတွေ ကားတားရင် သူခိုးဓါးပြအလား ခိုးစိတ် တိုးတိတ် စိုးထိတ်နေရတဲ့ဘဝ။ တသက်တာရည်မှန်းချက် နဲ့ သက်လုံးပုံရင်းနှီးထားတဲ့အနာဂတ်တွေ နေ့ချင်းညချင်း ရေပေါ်အရုပ်ရေးသလို ဖြစ်သွားရတဲ့ဘဝ။ ကိုယ့်ညီဆို ဘာမှလည်း မလုပ်ရပဲနဲ့ ပါမောက္ခဖြစ်ကာမှ ရာဇဝတ်သားများလို အိမ်ပြင်ဒူးထောက်ထိုင်၊ လက်ပြန်ကြိုးတုတ်၊ ခေါင်းအဝတ်အုပ်ပြီးခေါ်ဆောင်၊ ရိုက်နှက်စစ်ဆေး၊ ခုထိပြန်လွှတ်မပေးသေးပဲ နောင်ကို CDM လုပ်မယ့်ဆရာဝန်တွေ မှတ်လောက်သားလောက်အောင် နမူနာပြ နှိပ်ကွပ်ထားရင်းက သူတို့ဘက်ကို ပြန်ပြီးရန်သတ္တရုမပြုနိုင်အောင် ဓါးစာခံခေါ်အထားခံရတဲ့သဘောပဲ။ သူလုပ်ခဲ့တဲ့အမှားဆိုလို့ ကိုယ့်အိမ်ကိုယ် ညအိပ်မိတာကလေး တစ်ခုပဲ ရှိတယ်။ အဲ့ဒါ စစ်အစိုးရလက်အောက်က CDM ဆရာဝန်တစ်ယောက်ရဲ့ နမူနာကလေး တစ်ခုမျှသာဖြစ်တယ်။ သူ့နောက်မှာ သူ့မိသားစုကို ကိုယ်ရောစိတ်ပါ ထိခိုက်နစ်နာအောင် အမျိုးမျိုးစိတ်ဓါတ်စစ်ဆင်ရေးလုပ်နေတာတွေ ပါသေးတယ်။ ရွှေကိုလည်းယူ ငွေကိုလည်းယူ ပြီးတော့ လူကိုပါယူသည်ဆိုတဲ့အစားတွေ။ ဒီလိုကိုယ်တွေ့ဖြစ်ရပ်မျိုး များစွာ ဆရာဝန်တွေ ခံစားကြရတယ်။
အဲ့ဒီတော့ ဘာဖြစ်သလဲ။ ကြောက်သွားရော မဟုတ်လား။ မဟုတ်ရပေါင်ဗျာ။ ဆုံးဖြတ်ချက်က ပိုလို့တောင် ခိုင်မာသွားသေးတယ်။ ဒီလိုအဖြစ်ဆိုးမျိုး ကိုယ်ပဲ ရင်စည်းခံလိုက်မယ်. ကိုယ့်သားသမီးမျိုးဆက်လက်ထက်မှာ အဲ့လိုကျက်သရေတုံးတဲ့ အယုတ်တမာတွေလက်ထဲ ကျွန်အဖြစ်မခံနိုင်ဘူး။ အလွန်ဆုံးရှိ သေရလှ တစ်သက်ပေါ့။ မျိုးဆက်တော့ အညွန့်တုံးမခံနိုင်။ ဘုရားရှင်ဆီက သံဃာသင်းခွဲသွားတဲ့ ရှင်ဒေဝဒတ်ဟာ ဘုရားရှင်ကို နောက်တစ်ကြိမ်ဖူးတွေ့ခွင့် မရတော့သလိုပဲ။ အာဏာရူးစစ်ဗိုလ်စစ်သားတွေအားလုံးဟာ ငါတို့ပညာနဲ့ ကုသကယ်တင်ပေးဖို့ရာ အခွင့်အလမ်း မရှိတော့ဘူး။ ဒါ CDM လုပ်ရုံတင်မဟုတ်ဘူး။ ရေအိုးပါခွဲလွှတ်လိုက်တာ။ ဘယ်တော့မှ ဒင်းတို့အောက် ပြန်မလာတော့ဘူး။ တော်လှန်ရေးမှာ နောက်ပြန်လှည့်လို့ရမယ့်တံတားကို စစ်သားတွေကိုယ်တိုင်က ရိုက်ချိုးပလိုက်တဲ့အတွက် ပြည်သူတွေအားလုံး စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အဆုံးထိရင်ဆိုင်ဖို့ရာ တစ်လမ်းသာ ရှိတော့တယ်။
ဒါဖြင့်ရင် CDM ရဲ့ အဆုံးက ဘယ်မှာလဲ။ နင်တို့ဟာက ပြီးပဲ မပြီးနိုင်ဘူး။ အခု ၃ လ ကျော်လို့ ၄ လ ထဲဝင်တော့မယ်။ ဘယ်မလဲ CRPH ။ ဘယ်မလဲ NUG ။ စိတ်ကူးယဉ်အစိုးရအဖွဲ့ကြီးက ဘာပြောသတဲ့တုန်း။ ဘာဆက်လုပ်ရမတဲ့တုန်း။ ဒါကတော့ ဇော်မဲလုံးရဲ့ ဆိုက်ဝါးမိနေတဲ့သူတွေဆီက အလုပ်ပြန်ဝင်ချင်လို့ အကြောင်းပြချက်ရှာတဲ့သူတွေဆီက မေးခွန်းတွေပါ။ တစ်ခုပဲ ပြန်မေးပါ့မယ်။ ကိုယ်ကိုယ်တိုင် CDM လုပ်ရခြင်းအကြောင်းရင်းဟာ စစ်အစိုးရက ရှုံးပြီး NLD က နိုင်မယ် ထင်လို့ လုပ်တာလား။ အခုအချိန်မှာ စစ်အစိုးရကပဲ အချိန်ကြာကြာ ဆက်ရှိနေဦးမယ် ထင်လို့ CDM ကို စွန့်လွှတ်ပြီး အလုပ်ထဲ ပြန်ဝင်ချင်တဲ့သဘောလား။ ဒါဆိုလည်း ပြန်ဝင်ပါ။ “ကျွန်တော်ကျွန်မတို့က အပေါင်းအသင်းမှားပြီး သူများစကားကို နားယောင်မိတဲ့အတွက် CDM လုပ်မိပါတယ်။ အခု ကိုယ့်အမှားကိုယ်သိလို့ အလုပ်ပြန်ဝင်ပါရစေ။ နောက်ကို ဘယ်တော့မှ ဒါမျိုး မလုပ်တော့ပါဘူး။ ဆိုရှယ်မီဒီယာပေါ်မှာလည်း အစိုးရမကောင်းကြောင်း ဘယ်တော့မှ မရေးတော့ပါဘူး။ ဘုရားပုံလေးပဲ ရှယ်ပါ့မယ်။ ခင်ပွန်းကြီးဆယ်ပါး စစ်သားတစ်ပါး ပေါင်းဆယ့်တစ်ပါး ရှိခိုးပြီးမှ အိပ်ပါ့မယ်။ ထွက်စာမတင်ပါဘူး။ ဘာခွင့်မှ မယူပါဘူး။ ပင်စင်မတင်ပါဘူး။ နိုင်ငံခြားလည်း မသွားပါဘူး။ NLD ပါတီလည်း ဘယ်တော့မှ မဲမပေးတော့ပါဘူး။ စောင့်ကြည့်ကာလအတွင်း အချိုးမပြေတာနဲ့ ပါးရိုက်ပြီး အလုပ်ထုတ်တာ ခံပါ့မယ်။ အခုတော့ ကိုးပြစ်ရှိလည်းကျေပါ ဆယ်ပြစ်ရှိလည်းကျေပါ။” အဲ့သလို အဓိပ္ပါယ်သက်ရောက်တဲ့ တောင်းပန်စာအရှည်ကြီး ကို ကိုယ်တိုင်လက်မှတ်ထိုးတင်ပြီးပြီ မဟုတ်လား။ ကိုယ်ရွေးထားတဲ့လမ်း ကိုယ်ဆက်လျှောက်ပေါ့။ မတားပါဘူး။ အလုပ်ထဲမှာ နေရာလပ်တွေ အများကြီး ပေါ်နေပြီပဲဟာ။ နက်ဖြန်သဘက်ခါဆို ကိုယ်ကလွဲလို့ ရာထူးတက်ပေးစရာ လူမှ မရှိတော့ပဲ။ ဒီအစိုးရပြုတ်တော့လည်း ဘာအရေးလဲ။ အဲ့ဒီအခါကျမှ “ဝီစတန်းဝစ်ပြည်သူတွေ” ဆိုပြီး ဓါတ်ပုံလေးရိုက်တင်ရင် ရာထူးနဲ့ ဂုဏ်ဒြပ်နဲ့ ပိုတင့်တယ်တယ်။ “ထမင်းတွေ ချက်နေပါပြီနော်။ မုန့်တွေလုပ်နေပါပြီနော်။ မြန်မာပြည်သူတွေ ကျန်းမာကြပါစေ။” ပေါ့။ ဘာခက်တာလိုက်လို့။ အပြီးသတ်ကျတော့ သင်ဘာလုပ်သလဲဆိုတာထက် သင်ဘာကောင်လဲ ဆိုတာကပဲ စကားပြောသွားတာ။ သင်ဘာမှ မဟုတ်တော့တာနဲ့ သင့်ဘယ်သူမှ သောက်ဖက်မလုပ်တော့ဘူး။ ဒါကြောင့် အလုပ်ပြန်ဝင်တယ်ပေါ့။ လက်ခံပါတယ်။ မာနဆိုတာ မာန်တက်စရာ အရည်အချင်းတစ်ခုခုရှိမှ ထားလို့ရတာ။
ကိုယ့်အတွက်ကတော့ CDM ရဲ့အဆုံးဟာ ဒီအစိုးရပြုတ်တာ မဟုတ်ရင် ကိုယ့်ဘက်က ရာသက်ပန်အလုပ်ပြုတ်တာပါပဲ။ ပင်စင်မရလည်းနေ။ ဆမလိုင်စင် သိမ်းချင်သပဆိုသိမ်း။ ဘာမှ မက်လောက်စရာ မရှိဘူး။ ကိုယ့်ပညာတွေ သူတို့အသုံးချလို့မရတာပဲ ရှိမယ်။ ဆရာဝန်မလုပ်လည်း ကိုယ့်မှာ လုပ်စရာအလုပ်တွေ ပုံလို့။ ကိုယ့်ဘဝမှာ မွေးစဉ်ကစလို့ ဒီအသက်ဒီအရွယ်ထိတိုင်အောင် မှားတာကိုလည်း မှားမှန်းသိတယ်။ မှန်တာကိုလည်း မှန်မှန်းသိတယ်။ လူကဲခတ်လည်း မလွဲဖူးသေးဘူး။ တပ်မတော်ရဲ့ သဘောထားမှန်နဲ့ ရပ်တည်ချက်ကို ဦးနေဝင်းရဲ့ မဆလခေတ်မှာကတည်းက သိတယ်။ လွဲကိုမလွဲဘူး။ အခုမှ စစ်တပ်မကောင်းကြောင်းရေးနေတာ မဟုတ်ဘူး။ ကကြီးရေက စရေးကတည်းက မကောင်းတာကို မကောင်းသလိုပဲ ရေးတယ်။ ဘယ်သူ့ခါးပိုက်ဆောင်ထဲမှ ဝင်ခွေပြီး လော်ဘီလုပ် ဝါဒဖြန့်နေတာ မဟုတ်။ တောင်ပို့ကြီးတွေဟာ ကိုယ့်မျက်စိအောက်မှာတင် ဖွတ်တွင်းကြီးတွေ ဖြစ်ဖြစ်သွားတာ ကိုယ်က သူများတွေ ထိုင်ရှိခိုးနေကတည်းက သိပြီးသား။ အစကတို့မပြောလား လို့ မဝါချင်လို့ ထိုင်ကြည့်နေတာ။ မယုံသေးရင် ရှေ့နှစ်ခါ Memories တက်လာတဲ့အခါကျတော့ လာပြန်ဖတ်ကြည့်လှည့်။ ဟုတ်ပြီလား။