Happy ending

ပါရီရဲ့ကျဆုံးခန်းကို ရေရေရာရာ မသိပေမယ့် ဒီနွေဦးမှာ တပ်မတော်ရဲ့ကျဆုံးခန်းကို ကိုယ်တို့မြန်မာတပြည်လုံးတင်မက တကမ္ဘာလုံးကပါ မျက်ဝါးထင်ထင် တွေ့မြင်နေကြရပြီ ထင်ပါတယ်။ စစ်သားတွေဆိုတော့ သူတို့ကိုအကုန်သတ်ပြီး ငါတို့ဘက်က မသေရင် နိုင်ပြီ လို့ တွက်ကြပေမယ့် သမိုင်းစာမျက်နှာမှာ ဟစ်တလာ၊ ကဒါဖီး၊ ဆက်ဒမ်ဟူစိန်တို့လို လူသားထဲမှာ သည်လိုလူတစ်ယောက် မွေးဖွားလာတဲ့အတွက် လူသားမျိုးနွယ်တရပ်လုံး ဒုက္ခပင်လယ်ဝေကြရလေတယ် လို့ အမည်းစက်ထင်စရာ ပြစ်တင်ရှုံ့ချစရာ ဥပဒေနဲ့မညီတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ် ဖြစ်သွားတာကိုး။ အခုဆိုရင် သူတို့က သူပုန် သူပုန်ရယ်လို့ တချိန်လုံး ဗီလိန်နေရာကထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အားလုံးကတောင် “အဲ့သလောက်ကြီးတော့ မတရားသဖြင့် မလုပ်သင့်ပါဘူး။ နည်းနည်းပါးပါးလေးများ ရှက်တတ်ပါဦးတော့လား။” ဆို ပြည်သူဘက်က ကာကွယ်ပြောဆိုပေးနေရတဲ့ အခြေအနေရောက်သွားပြီ။ ဟိုးရှေးရှေးတုန်းက ပြည်သူတွေရင်ခွင်ထဲကနေ ပေါက်ဖွားလာတဲ့ ပြည်သူ့တပ်မတော်ကြီးဆိုတာ မရှိတော့ဘူး။ မသိတော့ဘူး။ သေကုန်ပြီ။ အခုလောလောဆယ် ရဲ နဲ့ စစ်သားဆိုတဲ့ လက်နက်ကိုင်တွေဟာ လမ်းမှာ မလှမ်းမကမ်းကတွေ့ရင်တောင် ထွီကနဲ့ တံတွေးထွေးပြီး ရှောင်သွားခဲ့။ နို့မဟုတ်ရင် ဘာအကြောင်းမှမရှိပဲ လူကိုသော်လည်းကောင်း သေနတ်နဲ့ပစ်လိမ့်မယ်။ “ကားပေါ်ကဆင်းစမ်း ပုံစံထိုင်စမ်း။” ကန်ကျောက်ရိုက်နှက်ဖမ်းဆီးလိမ့်မယ်။ ကိုယ့်မှာပါလာတဲ့ ကား၊ ဆိုင်ကယ်၊ ဖုန်း။ ပိုက်ဆံ၊ အဖိုးတန်ပစ္စည်းမှန်သမျှကိုသော်လည်းကောင်း လုယက်ယူငင်ကြလိမ့်မယ်။ “ဘယာကျော် ကွမ်းယာ စမူဆာတောင် ချမ်းသာပေးတဲ့သူတွေ မဟုတ်။” လို့ အကြီးအကျယ်ကို ဂုဏ်သိက္ခာတက်နေတဲ့ ပြည်သူ့ချဉ်ဖတ်ကြီးတွေ ဖြစ်သွားပါပြီ။

အဆိုးဆုံးကတော့ ကိုယ့်အခြေအနေကိုယ် မမြင်နိုင် မသိနိုင်တော့ပဲ ဒီကောင်တွေ အကုန်သတ်ပြလိုက်ရင် ဦးဆောင်တဲ့သူတွေ အကုန်ဖြိုခွဲလိုက်ရင် “မေမေရဲ့ သားနိင်တယ်။” ဆိုပြီး မေမေကြူ့ဆီမှာ ဆုတော်လာဘ်တော် ရလိမ့်မယ်လို့ ထင်နေတဲ့ဦးနှောက်တွေပါပဲ။ သတ်ရင်းသတ်ရင်းကို မရှုမလှရှုံးပြီး မြောင်းထဲရောက်သွားတာ သူတို့ဉာဏ်မမီဘူးလေ။ သူတို့ခမျာ ဘာသာ သာသနာကို ကာကွယ်နေတာလို့ပဲ နားလည်ထားတာ။ မင်းဆရာ ဘုန်းကြီးများကိုယ်တိုင်က “မအလသာသနံ စိရံတိဌတု” ပြန်ကိုးကွယ်နေရတာ သူတို့မသိဘူး။ နောက်ဆုံးတော့ သူတို့ကာကွယ်နေတယ်လို့ထင်တဲ့ ဘာသာရော သာသနာရော တို်ငးပြည်ကြီးရော သူတို့လက်ချက်နဲ့ စိစိညက်ညက်ကျေပြီး အလုံးစုံပျက်သုဉ်းရတော့မှာ။ ဘုရားရှင်လက်ထက်က ဗန္ဓုလစစ်သူကြီး စေလွှတ်လိုက်တဲ့မြားဟာ စစ်သည် ၅၀၀ ကို လှည်းပါ ထုတ်ချင်းဖောက် ထွင်းပစ်လိုက်သလိုပဲ အသိဉာဏ်မဲ့တဲ့ စစ်ခေါင်းဆောင်တစ်ယောက်ရဲ့ မောဟအမို်ကမှောင်ဟာ စစ်သားတစ်ယောက်တလေကိုတောင် အလင်းရောင် မမြင်စေနိုင်တော့ဘူး။

အခုလိုနိဂုံးမျိုးကို ဟိုးအရင်ခေတ်ကတည်းက ကွန်မြူနစ်ဘိုးအေကြီးတွေ ဟောကိန်းထုတ်ခဲ့ဖူးပါတယ်။ “မြန်မာ့တပ်မတော်ဟာ သန္ဓေမမှန်ဘူး။ ဖက်ဆစ်သန္ဓေပါနေတဲ့အတွက် တနေ့ကျရင် တိုင်းပြည်ကို အကြီးအကျယ် နှိပ်စက်ရမ်းကားလိမ့်မယ်။” တဲ့။ သူတို့ပြောတာ ဟု်တမဟုတ် မတ်လ ၂၇ ရက်နေ့က သူတို့ခေါင်းဆောင်ကိုယ်တိုင်ပဲ သက်သေထူသွားပါတယ်။ တပ်မတော်ခေါင်းဆောင်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်း မပါတော့ဘူး။ သူတို့သွေးထဲ ဗိုလ်ချုပ်သွေး တစက်မှ မကျန်တဲ့အကြောင်း၊ သူတို့အတွက် အောင်ဆန်းအမည်ဟာ ဘယ်လောက်နားခါးစရာဖြစ်တဲ့အကြောင်း ကိုယ့်သန္ဓေကိုယ် ထုတ်ဖော်ပြသခဲ့တာလေ။ ကိုယ်တောင် ဟိုးအစောကြီးကတည်းက (စစ်ဗိုလ်ဟောင်းတွေ ဦးကိုနီကို လုပ်ကြံခိုင်းတဲ့အချိန်တုန်းက) ပြောခဲ့ဖူးပါတယ်။ “အောင်ဆန်းကမွေးပြီး ဂဠုန်စောသွေးတွေနဲ့ မြန်မာစစ်တပ်” လို့။ ကောင်းပါတယ် အခုတော့။ သန္ဓေစစ်အဖေစစ် တွေ့ကုန်ကြပြီပေါ့။

သူများက သူ့ကို ဘယ်လိုဆက်ဆံသလဲ သိလျက်သားနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်အဆင့်ရောက်နေမှန်း မသိတာကလည်း သနားစရာကောင်းပါတယ်။ ကိုယ့်တိုင်းပြည်ထဲကမှ လက်မခံတာ မဟုတ်ဘူး။ အရှေ့ရောအနောက်ရော ဘယ်ကမှ လက်မခံ။ ပြစ်တင်ရှုံချခံနေရတာ။ UN လည်း UN မို့။ ASEAN လည်း ASEAN မို့။ တစ်ပြားမှမတန်။ သံခင်းတမန်ခင်းတောင် လူရာမဝင်ဘူး။ တရုတ် နဲ့ ရုရှားကို အဲ့သလောက် ဖင်ပေးပေါင်းတာတောင် ဟိုကလွှတ်တဲ့ ၁၅ ယောက်မြောက် Protocol အဆင့်ကောင်ကို လည်ပင်းလေးဖက်ပြီး ကယုကယင် ကြယ်သီးတပ်ပေးလိုပေးရ။ CNN သတင်းထောက်လောက်ကို လေးဘက်ထောက်မတတ် မျက်နှာချိုသွေးရ။ တစက်မှကို ဣန္ဒြေမရပါဘူး။ နောက်ဆုံးတော့ ကိုယ့်သန်ရာသန်ရာ နတ်ဆရာ ဓါတ်ဆရာတွေနဲ့ နိုင်ငံအနှံ့ ယတြာပတ်ချေနေတာပဲ သူ့အတွက် စိတ်ဖြေရာရလို့ ထင်ပါရဲ့။ သူ့‌မြေးလောက်ရှိတဲ့ လင်းညို့တာရာ ဖယောင်းတိုင်ထွန်းရင်ကို တုန်ဆင်းလာတယ်။ ဘုရားသွားရင် ထီးတော်မဖူးရဲဘူး။ အောင်မြေချည့် လိုက်ရှာတာ။ လူမျို၍ လူမျိုးမပြုတ်သောအစားပေကိုး။ ဘုန်းတန်ခိုး ကျက်သရေ ဖြိုးဖြိုးဝေနေပုံများကတော့ သူ့ဓါတ်ပုံ လူတကာခြေနင်းဖတ်မှာချည့်ပဲ။ ရေသွန်းဖြာတာလည်း လက်ယာခရုသင်းနဲ့ မဟုတ်ပါဘူး။ တံတွေးနဲ့ရော သေးနဲ့ရော ခွေးချေးတောင် ပါသေး။ ကိုင်း ဘယ့်နှယ်ရှိစ။ နန်းသိမ်းတိုင်း ဘုရင်ဖြစ်လို့လား။ ကားလိပ်ဆွဲတဲ့ဘဝရောက်သွားတာ။

မြန်မာ့တပ်မတော်ကြီး သည်အခြေအနေအထိရောက်သွားတာ ဘယ်သူ့ကြောင့်လဲ လို့ အဖြေထုတ်ကြည့်ရင် သူတို့ကတော့ “ဟိုမိန်းမကြောင့် ဟိုမိန်းမကြောင့်” လို့ ရန်လိုမုန်းတီးစွာ တညီတညွတ်တည်း လက်ညှိုးထိုးကြမှာ မလွဲပါဘူး။ သူတို့အသိဉာဏ်နဲ့ဆို ဒီထက်ပိုပြီး တွေးနိုင်မှာမှ မဟုတ်တာ။ တကယ်တော့ တပ်မတော်ကျဆုံးခန်းရဲ့ အဓိကတရားခံဟာ သူ့ကြောင့့်ငါ့ကြောင့် မဟုတ်ပဲ လက်နက်ကို်ငအဖွဲ့အစည်းက အာဏာ ၃ ရပ်စလုံးကို အတင်းစွဲကိုင်လိုက်လို့ ဖြစ်ရတယ်လို့ မြင်ပါတယ်။ စစ်တပ်က အာဏာသိမ်းတဲ့ အစဉ်အလာဟာ ဘယ်နိုင်ငံမှာမှ အကျိုးစီးပွား မဖြစ်ထွန်းတာ ဟိုးတုန်းကဖြစ်ရပ်ကိုကြည့်ကြည့် လတ်တလောအခြေအနေကိုကြည့်ကြည့် သိသာမြင်သာပါတယ်။ ပျက်စီးရာပျက်စီးကြောင်းထဲမှာ ထိပ်ဆုံးကပါတာကတော့ အဲ့သည်စစ်တပ်ကိုယ်တိုင်ပါပဲ။ နောင်ဆို မြန်မာစစ်တပ်က ကမ္ဘာမှာ နမူနာပြစရာ ဥပမာဆိုးတစ်ခု ဖြစ်တော့မယ်။ ၁၉၆၂ က စလို့ အာဏာလက်လွတ်မှာစိုးလို့ တစ်မျိုးပြီးတစ်မျိုး အကျင့်အကြံတွေဆိုးလာခဲ့တာ နောက်ဆုံးမှာ တိုင်းပြည်လည်းပြိုကွဲ၊ စစ်တပ်ကိုယ်တိုင်လည်း လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းဘဝကို ရောက်သွားပါတော့တယ်။

သမိုင်းနဲ့ချီပြီး ပြောရရင် ဦးနေဝင်းကြီး လက်ထက်ကတောင် စစ်တပ်ရဲ့အခြေအနေ အဲ့သလောက် မဆိုးသေးဘူး။ သူက အာဏာကို ပါတီရယ် ကောင်စီရယ် အာမီရယ် သီးခြားစီခွဲထမ်းထားခိုင်းတယ်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးကိုလည်း ရောမပစ်ဘူး။ အကျင့်ပျက်ခြစားတာတောင် သူ့ကိုယ်ထိန်း ကိုယ့်သူထိန်း ထိန်းထိန်းသိမ်းသိမ်းလေး စားရရှာတယ်။ မဆလခေတ်မှာ ဘယ်ဗိုလ်ချုပ်မှ ပက်ပက်စက်စက် မချမ်းသာဘူး။ ဦးနေဝင်းနဲ့ပေါင်းလို့တောင် ခရိုနီတစ်ယောက်ထွက်မလာဘူး။ သမ္မတကြီးဦးစန်းယု နေ့ခင်းဧည့်သည်လာလို့မှ လူများရင် လက်ဘက်ရည်တိုက်စရာ ဧည့်ခံစားရိတ် မရှိတဲ့ အခြေအနေ။ လာဘ်စားတယ် မတရားချမ်းသာတယ် သတင်းထွက်ရင် စသုံးလုံးက တခါတည်း အနံ့ခံလို်ကလာတတ်လို့ တိုးတိုးတိတ်တိတ်စားရရှာတယ်။ ဝန်ထမ်းတွေ သိပ်ချမ်းသာလို့ အိုးပိုင်အိမ်ပိုင်ကလေးများဆောက်ချင် ပင်စင်ယူတော့မှ ငွေဖြူပြစရာရှာပြီး ဆောက်လို့ရတယ်။ ကိုယ့်ဘာသာကိုယ် ပိုက်ဆံရှာနိုင်လွန်းလို့ မာစီဒီးစီးချင် ပြိုင်ကားစီးချင်တဲ့ ကြည်ကြည်ဌေးတို့ ဝင်းဦးတို့ အမြတ်တော်ကြေးနဲ့ နှိပ်ချလိုက်တာ နှစ်ယောက်လုံး ဖြူကာပြာကာကျသွားရော။ စစ်ဗိုလ်ထဲက သူမပေးမကမ်းပဲ သူဌေးဖြစ်လို့ကတော့ သေရအောင်သာပြင်။ စစ်တပ်က အာဏာကို ၁/၃ ပဲ ယူရင် အများကြီး ခံသာသေးတာပေါ့နော်။

ဒါပေမယ့်လည်း ဦးနေဝင်းကြီး ကုလားထိုင်လှုပ်တဲ့အခါ အကျင့်ယုတ်ပြီး အာဏာတွေအားလုံး စစ်တပ်လက်ထဲပြန်ထည့်ခဲ့တော့ ကြာလေဆိုးလေ အတိုးချ အနို်ငကျင့်လာတဲ့စစ်တပ်ဟာ အခု သည်ကနေ့ဘူတာကိုဆိုက်ရော ခင်ဗျ။ တိုင်းပြည်ရဲ့ သယံဇာတနဲ့ ရှိသမျှ အကျိုးစီးပွားတွေလည်း သူတို့ပဲ အပိုင်သိမ်းတယ်။ အခွင့်အာဏာကို ငွေနဲ့ဖော် ရောင်းစားတဲ့အထဲမှာ ကားပါမစ် သစ်ပါမစ် တယ်လီဖုန်းငှားယူသုံးစွဲခွင့်ပါမစ်တောင် မကျန်ဘူး။ မှတ်ပုံတင်လုပ်မလား၊ ဧည့်စာရင်းတို်ငမလား၊ ပတ်စပို့လုပ်မလား၊ လက်မှတ်ထိုးပြီး ပိုက်ဆံရှာလို့ရအောင် အကုန်လုံး ခွင်ဖန်ပြီး အထက်ကို ဆက်ကြေးပေးနိုင်အောင် ရှာရတယ်။ အစိုးရယန္တယားကြီးတစ်ခုလုံးပျက်အောင်ဖျက်ပြီးမှ အထက်က မိုးကျရွှေကိုယ်တွေ လွှတ်ပြီး ဆရာမွေးတပည့်မွေး စံနစ်နဲ့ လုပ်စားတယ်။ ဥပဒေအထက်မှာ တက်ထိုင်လိုက်ပုံများ သူတို့ထဲက လူသတ်လို့လည်း အ‌ရေးယူလို့မရစေရဘူး။ လူသတ်သမား ငှားလွှတ်လည်း တပ်‌ရောရဲရော ပူးပေါင်းပါဝင်ကူညီပေးရတယ်။ ကလေးချင်းမုဒိန်းမှုဖြစ်ရင်တောင် အရာထမ်းအမှုထမ်းတွေဝိုင်းပြီး သက်သေမပေါ်အောင် လက်စဖျောက်ပေးရတယ်။ စစ်တပ် နဲ့ ပြည်သူဆိုတာ လူချင်းတူပေမယ့် အတန်းအစားချင်း တူကိုမတူဘူး။ ပြည်သူတွေ ဘယ်နှစ်သန်းရှိရှိ စစ်သားအောက်မှာ ပြားပြားဝပ်နေရမယ် လို့ကို စိတ်ထဲမှာ စွဲနေတာ။

ဥပဒေပြုဖို့ ကိုယ်စားလှယ်ရွေးတော့လည်း အစိတ်သားအလေးခိုးတဲ့အပြင် အဲ့ဒီအစိတ်သားတောင်မှ ငါးနှစ်စာဆန္ဒပြုဖို့ ကိုယ်စားလှယ် အစိတ်သား သူတို့ဘက်က ရွေးပေးတာ မဟုတ်ဘူး။ ကုလားထိုင်အစိတ်သားချန်ထားပြီး လွှတ်ချင်တဲ့သူ လွှတ်ချင်သလိုလွှတ်မယ်။ မဲပေးတဲ့အခါ ကာချုပ်ကြီးသဘောထားကို ဆန္ဒမဲအစိတ်သား ပြည့်အောင် ဝိုင်းပေး၊ လူမရှိရင် ပျက်ကွက်တွေကို ဘေးကုလားထို်ငကလှမ်းနှိပ်ဆိုတဲ့ အရှက်မရှိ အစိတ်သားကြီး။ အဲ့သလောက် ချိန်ခွင်ဇောက်ထိုးဆိုက်အောင် အလေးခိုးတာတောင်မှ ပြည်သူ့မေတ္တာတုံးတာတုံးတာ နည်းမျိုးစုံနဲ့ မသမာလို့တောင် မနိုင်ဘူး။ ခိုးတာသူတို့ လူဟစ်တာသူတို့ လိမ်တာလည်းသူတို့ ယုံတာလည်းသူတို့နဲ့ ပြောင်လိမ်ပြောင်စား ဇာတ်လမ်းကြီးကို အတင်းက အတင်းအာဏာသိမ်းပါတယ်။ ဒီတခါ ချောက်ထဲထိုးကျသွားတာကတော့ တပ်မတော်ကို်ယတိုင်ပါပဲ။ ခုထက်ထိကို အဖတ်မဆယ်နို်ငသေးတာ။ အကောင်းတွေမကျန်တဲ့ဘဝမှာ စိတ်ကောင်းစေတနာကောင်းနဲ့ အမှန်ကိုအမှန်အတိုင်း တွေးနိုင်မြင်နိုင်တဲ့သူ တစ်ယောက်တလေ‌တောင် စစ်တပ်ထဲမကျန်တော့ပါဘူး။ ကြူကြူ့ကျွန် လှိုင်လှိုင့်ကျွန်ဘဝမှာ ချေးကျရာပျော်ပျော်ကြီး လောက်ဖြစ်ကြတယ်။ တပ်မတော်အနေနဲ့ အခုထက် ပိုပြီး ပျက်စီးပြိုကွဲစရာ သိက္ခာကျစရာ ဘာတစ်ခုမှ ထပ်မရှိတော့ဘူး။

နောက်ဆုံးတော့ ကမ္ဘာမှာ စစ်အာဏာသိမ်းအစိုးရတွေကို အစလုပ်ခဲ့မိရင် မြန်မာပြည်မှာလို အလုံးစုံပျက်စီးပြီး တိုင်းပြည်ကြီးပြိုကွဲ စစ်မီးကြီးတောက်လောင် တမျိုးသားလုံး အညွန့်တုံးကြရလိမ့်မယ်လို့ လက်ညှိုးထိုးသက်သေပြစရာ ဥပမာတစ်ခု ရသွားတာပေါ့ကွယ်။ အကျိုးစီးပွားတူလို့ မဖြစ်မနေ ကာကွယ်ပေးနေရတဲ့ တရုတ် ရုရှားကတောင် ရွံရွံရှာရှာနဲ့ မစင် ဒိုင်ယာပါနဲ့ ထုပ်ကိုင်သလို ကိုင်တွယ်ဖြေရှင်းနေကြရတယ်။ လိမ်လက်စနဲ့ အလိမ်မပေါ်အောင် ဆက်ကာဆက်ကာ လိမ်လိုက်ကြရတာများ မိုးလုံးပြည့်မုသာဝါဒဆိုတာ သူတို့ကိုယ်တို်ငပြန်ဖြစ်သွားရော။ ပြည်ပအားကိုး ပုဆိန်ရိုးဆိုတာလည်း တခြားလူမကျန်ဘူး။ သူတို့မှ သူတို့။ ရွေးကောက်ခံအစိုးရဆီက မတရားသဖြင့်အာဏာသိမ်းပြီး အသိမ်းခံရတဲ့နို်ငငံ့ခေါင်းဆောင်ကို အာဏာသိမ်းရန်ကြံစည်မှုလို့ ပုဒ်မတပ်တာ ကမ္ဘာမှာ တခြားလူ တွေးလို့ကြံလို့တောင် ရမှာ မဟုတ်ဘူး။ လူ့သမိုင်းအဆက်ဆက် အယုတ်မာဆုံး အကောက်ကျစ်ဆုံး အရက်စက်ဆုံး လိမ်လည်လှည့်ဖြားတတ်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်တွေကို သူမှတပါး အခြားသူမရှိ ဗိုလ်စွဲရယူသွားလေတယ်။

အခုလောလောဆယ်ကို သတ်ရဲတယ် သတ်နိုင်တယ် ဒီကောင်တွေ နလန်မထူအောင် နှိပ်ကွပ်ပလိုက်ပြီ ငါတို့နိုင်တယ် လို့ ထင်နေတဲ့ စစ်သည်ဗိုလ်ပါများကိုယ်တို်ငကရော အရပ်သားများအပေါ် ထင်တိုင်းပြုကျင့်နိုင်လို့ အခွင့်ရလို့ ကိုယ်ကိုယ်တိုင်စစ်ကျွန်မဖြစ်ရဘူးလို့ ထင်သလား။ စစ်ဗိုလ်တွေက စစ်သားတွေကို ဘယ်တုန်းကမှ နို်ငထက်စီးနင်းမပြုကျင့်ဖူးဘူးပေါ့ ဟုတ်လား။ ခြင်းကျားလွယ် ရာဘာဘိနပ်စီး အာကာထွန်းဘောင်းဘီနဲ့ ‌ရှေ့တန်းထွက်၊ တွေ့တဲ့သူလက်နက်ပြပြီး လုယက်စားသောက် နေရတာနော်။ သားစဉ်‌မြေးဆက် အိမ်ဖော် ဒရိုင်ဘာ ထမင်းချက် သဘောက်ဘဝနဲ့ ပေးဆပ်နေရတာ ဘယ်သူ့အတွက်လဲ၊ လူစိတ်ပျောက် လူလိုမတွေးနိုင်မခေါ်နိုင်တော့ပဲ သက်စွန့်ဆံဖျား အမုန်းခံသတ်ဖြတ်နေရတာကော ဘယ်သူ့အတွက်လဲ။ အဲ့သလောက်ကလေးတောင်မှ စဉ်းစားဆင်ခြင်နိုင်တဲ့ အသိဉာဏ် မကျန်တော့အောင် ဖျက်စီးချေမှုန်းပစ်ခဲ့တာပါလေ။ လူသားတစ်ယောက်အနေနဲ့ဖြစ်တည်စရာ စိတ်နေစိတ်ထား အမူအကျင့် အတွေးအခေါ် အသိဉာဏ် ဘာတစ်ခုမှကို သုံးစားစရာ မကျန်တော့တဲ့အတွက်ကြောင့် လူ့ဘဝမှာကို ရှိမနေတော့ဘူး။ ဘီလူးသဘက်ဘဝ ရောက်နေပြီ။ သားရောသမီးပါ အညွန့်မတက်နို်င။ လူညွန့်တုံးတယ်ခေါ်တယ်။

နောက်ဆုံးတော့ တပ်မတော်ရဲ့ကျဆုံးခန်းကို အစအဆုံးထိုင်ကြည့်နေမိသလို ဖြစ်နေတာပေါ့လေ။ သေနတ်တွေ တဖျောင်းဖျောင်းပစ်လိုက်၊ မျက်ရည်ယိုဗုံးတွေ တအုန်းအုန်းထုလိုက်။ လက်ပစ်ဗုန်းတွေ လောင်ချာတွေ စက်သေနတ်တွေနဲ့ ကိုယ့်ပြည်သူကိုယ် တဗိုင်းဗိုင်းလဲသေစေပြီး အသက်အိုးအိမ် စည်းစိမ်ဥစ္စာ ဘာမှ ကုန်းကောက်စရာမကျန်အောင် မီးလောင်ပြင်ကြီးဖြစ်ကြ။ စစ်သားတွေက အားရပါးရ အောင်သေအောင်သားစားပြီး ဟီးဟီးဟားဟား ပျော်နေလိုက်ကြ။ တကမ္ဘာလုံး ဘယ်သူမှ သောက်ဖက်မလုပ်လည်းရတယ်။ အဲ့ကျကျကျ ငါတို့မှာ ပိုက်ဆံရှိရင် ငါတို့ဘက်ကကာပေးမယ့် လူတစ်ယောက်နှစ်ယောက်နဲ့လည်း နေတတ်တယ်။ စီးပွားရေးပိတ်ဆို့တာ တို့မမှုပါ။ သယံဇာတတွေ ပေါတဲ့‌‌မြေ။ ယုန်လေးကို သီချင်းရေးခိုင်းပြီး လီလီနိုင်ကျော်က ဆိုပစေ။ မြဝတီလေးကြည့် လုပ်သားကြေးမုံဖတ်ပြီး ချစ်နို်ငစိတ်ပညာကြီး ဖျော်ဖြေတာ ထိုင်ကြည့်ကြပေါ့။ ကိုဗစ်ပြန်ဖြစ်ရင် သက်သက်ခိုင်ကြီး ဆေးလာဖျန်းလိမ့်မယ်။ ဆရာဝန်တွေ အလုပ်ထွက်ရင် သမားဇာနည်အောင်စစ်သည်တွေနဲ့ကု။ လင်သေတဲ့မုဆိုးမတိုင်းကို ဘတ်ဖဲလိုးမောင်တိန်က နှစ်သိမ့်လိမ့်မယ်။ အလှူအတမ်းလုပ်တော့လည်း ဗိုလ်ချုပ်ဂူတို့ ရဲဘော်ဝီတို့ ရဲဘော်မသေ မဘသ တရားတွေ နာကြပေါ့။ ကုန်ရှုံးကြွေးတင် လိုလင်မရ သောကတွေပွေနေရင် ကိုယ့်ကုန်တိုက်ကိုယ် မီးရှို့ပြီး အာမခံကြေးရအောင်တောင်း။ ဒါနဲ့မှ သုံးစရာမရှိတော့လည်း ဘဏ်ပိတ်သိမ်းတယ်ဆို ငွေတွေ အကုန်ယူလိုက်ရုံရှိတော့တာ။ ပြည်သူတွေ ငိုနိုင်လှ တစ်လထက် မပိုပါဘူး။ တစ်လက နှစ်လဆို ဟီးဟီးဟားဟား ပြန်ဖြစ်လာမှာ။ ဟိုစစ်သားသေပြန်ပတဲ့။ “ပျော်ထှာအေ။” ဒီစစ်ဗိုလ်ကျသွားပတဲ့။ “သာဓုပါတော်။” တိုက်လေယာဉ်ကြီး ပျက်ကျသတဲ့လား။ “အမလေး။ တစ်ပြားမှ မပေးပါနဲ့။ အကုန်အလကားစားသွားကြပါ။ ဝမ်းသာလွန်းလို့။” ဘယ်မှာရှိရှိ မရှိရှိ သူတို့အားလုံးရဲ့ ရင်ထဲမှာ မြန်မာစစ်တပ်ဆိုတာ မရှိတော့ဘူး။ ထုတ်ပလိုက်ပြီ။ ရှင်းပလိုက်ပြီ။ ၁၂ လ ရာသီပွဲတော်တွေလို နေ့စွဲရက်စွဲနဲ့ ပွဲလမ်းသဘင် ပျော်ရွှင်ကခုန်နေမှာ မဟုတ်တော့ဘူး။ အခက်တွေအခွေတွေထဲက ဘယ်သူသေသေ ဧရာမပျော်ပွဲရွှင်ပွဲကြီး ကျင်းပကြတော့မှာ။ ဘယ်လောက်တောင် ပျော်စရာကောင်းသလဲဆို အခုချက်ချင်းစိတ်ထဲကနေ သေခိုင်းကြည့်လိုက် အခုချက်ချင်း နှလုံးစိတ်ဝမ်း ရွှင်လန်းသွားတာမျိုးပေါ့။ စိတ်ကူးယဉ်လိုက်ရင်တောင် ပျော်စရာကောင်းတဲ့ အဖြစ်အပျက်မျိုး မြန်မာပြည်မှာ ဖြစ်ပေါ်နေပါပြီလေ။