၈.၈.၈၈ တုန်းက ကိုယ့်အသက်က ၂၁ နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဘာတွေ ဘယ်လို ဖြစ်ခဲ့သလဲဆိုတာ မှတ်မိတယ်။ မှတ်သားထားတယ်။ စာတွေလည်း ရေးခဲ့တယ်။ “ပါပီမ” ကြည့်ပြီး ကျောင်းသားတွေကို အထင်သေးတဲ့စိတ်ဓါတ်မျိုး မဖြစ်ခဲ့သလို “အဖေနဲ့သားများ” ကြည့်ပြီး စစ်တပ်ကို အထင်ကြီးတဲ့စိတ်လည်း တစ်ခါမှ မဖြစ်ဖူးဘူး။ ဒါတွေက psy-war တွေ၊ အလိမ်အညာတွေ၊ သမိုင်းအမှန်ကို လုပ်ကြံဖျောက်ဖျက်တဲ့ မိုးလုံးပြည့် မုသာဝါဒတွေ ဆိုတာ သဘောပေါက်တယ်။ မြန်မာနိုင်ငံသား သန်း ၅၀ မှာ အဲ့သလောက်ဉာဏ်ရည်၊ အဲ့သလောက် မှတ်ဉာဏ်ရှိတဲ့သူ လူတစ်ရာနှစ်ရာမှ ရှိပါလေစ လို့ အခုချိန်မှာ သံသယဝင်မိတယ်။ သိပ်ပြီး မေ့လွယ်ပျောက်လွယ် နေကြတာပဲ။ ဒါတောင်ကိုယ်က အဲ့ဒီအချိန်တုန်းက activist တစ်ယောက် အနေနဲ့ မပါပါဘူး။ observer ဒါမှ မဟုတ် witness အဆင့်လောက်ပဲ ရှိတယ်။ အခုကျတော့ အဲ့ဒီတုန်းက အဖြစ်အပျက်တွေကို ငယ်သူတွေက မသိမမီလိုက်ဘူး။ ကြီးသူတွေကလည်း အမေ့မေ့အပျောက်ပျောက် ဖြစ်ကုန်ပြီမို့လို့ ပြန်ပြန်ရေးနေရပါတယ်။ ကိုယ်ကလွဲရင် ရေးမယ့်သူကလည်း မရှိသလို စိတ်ဝင်တစား ရှိမယ့်သူလည်း နည်းလာပြီမို့ပါ။ အဲ့ဒီတုန်းက ထောင်ကျတဲ့သူတွေ၊ တောခိုတဲ့သူတွေ၊ တတိယနိုင်ငံရောက်သွားတဲ့သူတွေတောင် အတိတ်တွေမေ့ပြီး သင်ပုန်းတွေ ချေနိုင်နေကြပြီဆိုတော့ ဒီနေ့ကို ဘာနေ့မှန်းတောင် မှတ်မိကြမှာ မဟုတ်ဘူး။ သူတို့အတွက်တော့ အရေးတော်ပုံကြီး အောင်သွားပြီးလို့ ဖြစ်ပါလိမ့်မယ်။
၈၈ မှာ ကိုယ့်အတွက် နစ်နာတာက ကျောင်းတွေပိတ်လို့ ဆေးကျောင်းကို ၁၀ နှစ်ကြာအောင် တက်ပြီးမှ ဘွဲ့ရတာပဲ ရှိပါတယ်။ ဒါပေမယ့် ကျောင်းပိတ်တဲ့ ၃ နှစ်ကာလ အတောအတွင်း အပြင်မှာ ကျင်လည်ခဲ့ရလို့ အထိုက်အလျောက် ရင့်ကျက်သွားတယ်။ ကိုယ်နဲ့ စာအတူကျက်တဲ့ သူငယ်ချင်းက တောထဲရောက်သွားတယ်။ မိန်းထဲက သူငယ််ချင်းနှစ်ယောက်က ထောင်ကျသွားတယ်။ ကျောင်းပြန်လာမတက်နိုင်တဲ့သူတချို့ ရှိတယ်။ အဲ့ဒီကာလအတွင်းမှာ ဆေးကျောင်းက သူငယ်ချင်းတွေနဲ့ အဆက်ပြတ်သွားပြီး RIT က သူငယ်ချင်းတွေနဲ့ ပေါင်းမိတယ်။ ကိုယ်နဲ့ပေါင်းတဲ့ သူငယ်ချင်းတွေအားလုံး စစ်အစိုးရကို ထောက်ခံတဲ့သူ ဘယ်သူမှ မရှိပေမယ့် လူသိရှင်ကြား ဆန့်ကျင်တဲ့သူလည်း တစ်ယောက်မှ မရှိပါဘူး။ ကိုယ်တို့လည်း အဲ့ဒီတုန်းက နေသာသလို နေတဲ့သူတွေ ဆိုတဲ့အထဲ ပါမယ် ထင်ပါရဲ့။
ဘာဖြစ်လို့ ဆိုတော့ မဆန့်ကျင်ရဲဘူးလေ။ ဆန့်ကျင်ရင် ပစ်သတ်တာလည်း မြင်ဖူးတယ်။ ထောင်ချထားတာတွေလည်း အများကြီး။ NLD ကို မဲပေးတယ်ဆိုလို့ အလုပ်ကထုတ်ပလိုက်တာတွေလည်း နည်းမှ မနည်းတာ။ အညှိုးအတေးကလည်း အင်မတန်ကြီးတာဗျ။ ထောင်ကထွက်လာရင်လည်း လူစွမ်းလူစ မပြနိုင်အောင် ထောက်လှမ်းရေးတွေနဲ့ တကောက်ကောက်လိုက်ပြီး နှောက်ယှက်တယ်။ မိသားစုစီးပွါးရေးလုပ်ငန်းတွေပါ ရန်ရှာပိတ်ပင်တယ်။ အဲ့ဒီတော့ Gen L တွေမှာ Gen L’s thought ပဲ ရှိတာ အပြစ်မဆိုသာဘူး။ နာလံမထူနိုင်အောင်ကို အညွန့်ချိုး နှိပ်ကွပ်ထားတာ။
သူတို့တွေက အသက်ကိုရန်ရှာတာ၊ လူကိုဖမ်းဆီးထောင်ချတာ၊ မိသားစုကို ခြိမ်းခြောက်အကြပ်ကိုင်တာတွေ အပြင် မဟုတ်မမှန်သတင်းတွေနဲ့ character assassination တွေလည်း လုပ်ကြသေးတာ။ မဟုတ်ကဟုတ်က စကားတွေနဲ့ အရှက်ကင်းမဲ့စွာ အသရေဖျက်တတ်တဲ့ အောက်တန်းစားတွေလည်းဖြစ်တယ်။ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ အင်္ဂလန်နိုင်ငံသား ပညာတတ်နဲ့ မိသားဖသားပီပီ အိမ်ထောင်ကျထားတဲ့ တို့အမေကိုတောင် စတိတ်မီဒီယာတွေကနေ ကုလားမယား ပါ ဆိုပြီး တနိုင်ငံလုံးပျံ့အောင် သွားပုတ်လေလွင့် လိုက်ပြောတာ။ အဲ့ဒီလိုပဲ သူတို့ကိုဆန့်ကျင်တဲ့၊ သူတို့နဲ့ အတိုက်အခံလုပ်တဲ့၊ သူတိုင်းကို ခွေးတွေဟောင်သလို မဟုတ်တမ်းတရား စွပ်စွဲအပုတ်ချကြတာ နေရာတကာပဲ။ ဒီကောင်တွေ ဘယ်လောက်တောင် ယုတ်မာသလဲ ကိုယ်အကုန်မှတ်မိပေမယ့် ထောင်ထဲက၊ တောထဲက ထွက်လာတဲ့ တချို့သူတွေ ဘာဖြစ်လို့ မမှတ်မိကြသလဲ မသိဘူး။ စိတ်လည်း မနာတတ်ကြဘူးနော်။
အသက်မသေပေမယ့်၊ ဘဝပျက်မသွားပေမယ့်၊ အင်မတန်ခက်ခဲကြမ်းတမ်းတဲ့ဘဝမှာ စိတ်ဒဏ်ရာတွေနဲ့ ပိတ်လှောင်ထားခဲ့တဲ့သူတွေလည်း အများကြီးပဲ။ ကိုယ်သိတဲ့ ၅/ညတွေထဲမှာဆို ကိုတိုးကျော်လှိုင်ရယ်၊ ကိုစိုးမြတ်သူရယ်၊ ကိုမျိုးရန်နောင်သိန်းရယ် ပါတယ်။ သူတို့ဘဝတွေ ပုံမှန်ပြန်မဖြစ်ကြဘူး။ သေရာပါမယ့် အိပ်မက်ဆိုးတွေ ရှိတယ်။ ကိုကိုကြီးတို့၊ စန္ဒာမင်းတို့၊ မိုးဟိန်းတို့က အဲ့ဒါမျိုး မကြုံဖူးခဲ့ရဘူးလား။ ဝင်းမင်းသန်းဦး၊ မင်းဇော်ဦး၊ အောင်နိုင်ဦးတို့ကတော့ အဖမ်းဆီး အနှိပ်စက် မခံရဖူးတော့ သိမှာ မဟုတ်ဘူး။ ၅၄ မှာ မေမေ့အနား နေခဲ့ကြတဲ့ သုံးရောင်ခြယ်တွေကို သတိရမိတယ်။ ဒီနေ့က ၈ ရက် ၈ လလေ။ သားငယ်တို့ နေတင်မြင့်တို့ရော ဘယ်ရောက်ကုန်ကြလဲ မသိ။ ရွှီး ကို ဘယ်သူမှ မတားဆီးကြဘူးလား။ အဲ့ဒီလူတွေအားလုံးနဲ့ “၈ လေးလုံး စကားဝိုင်း” ဆိုပြီး နားထောင်ရရင် ကောင်းမှာပဲ။ ကိုပေါ် နဲ့ ကိုမိုးသီးဇွန် ဆီကလည်း အမှတ်တရစကားတွေ ကြားချင်မိတယ်။
ကိုယ်တို့အားလုံးမှာ ၈၈ က ဘာတွေဖြစ်ခဲ့တယ် ဆိုတဲ့ အမှတ်တရတွေ ရှိတယ်။ အမှတ်တရထက်ပိုပြီး ဘဝတွေ ကျိုးပျက်ကြေမွသွားတဲ့ ကိုယ်ဒဏ်ရာ၊ စိတ်ဒဏ်ရာ အနာတရတွေလည်း အများကြီး ရှိကြတယ်။ ၈၈ အပြီးမှာ နောက်ဆက်တွဲ ရင်ဆိုင်ရတဲ့ ဖိနှိပ်တိုက်ခိုက်မှုတွေ၊ အကျိုးသက်ရောက်မှုတွေလည်း ဖြတ်သန်းခဲ့ရတယ်။ သေမှသေမသွားသေးပဲကိုး။ အဲ့ဒီအကြောင်းတွေ ပြန်သတိရလာတဲ့အခါ အဲ့ဒီတုန်းက မပြီးသေးတဲ့တော်လှန်ရေးကို ဒီကနေ့မှာ ဆက်တိုက်ပွဲဝင်နေကြတဲ့ Gen Z ကလေးတွေကို မှာချင်ပြောချင်တာလေးများ မရှိကြဘူးလား။ သူတို့က မရှိဘူးဆိုရင်တောင် ကိုယ်ကတော့ ပြောစရာလေးတွေ ရှိပါတယ်။
၈၈ တုန်းက တနိုင်ငံလုံး အုံကြွသပိတ်မှောက်ခဲ့တာ စက်တင်ဘာ ၁၈ ရက် အထိပဲ ခံခဲ့တယ်။ စက်တင်ဘာ ၁၈ က စလို့ တတိုင်းပြည်လုံးကို ပစ်ခတ်သတ်ဖြတ် နှိမ်နှင်းလိုက်တဲ့အခါ အဲ့ဒီတော်လှန်ရေးက ငြိမ်ဝပ်ပိပြားသွားတာပဲ မဟုတ်လား။ လက်နက်ကိုင်လမ်းစဉ်ကို မရွေးပဲ ရွေးကောက်ပွဲကနေ ပြည်သူ့ဆန္ဒမဲနဲ့ စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ၁၉၉၀ မှာ တနိုင်ငံလုံး ညီညွတ်ခဲ့ကြပေမယ့် အာဏာလွှဲမပေးပဲ ရွေးကောက်ခံကိုယ်စားလှယ်တွေကို ဖမ်းဆီးထောင်ချသတ်ဖြတ်တာလည်း ဒီစစ်အစိုးရပါပဲနော်။ မေ့များမေ့နေကြသလား လို့ ပြန်သတိပေးလိုက်ပါတယ်။ “၉၀ တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတာ ငါ့ကိုတော့ ဘယ်မီလိမ့်မတုန်း။” လို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတယ် ဆိုလည်း သဘောပါ။ ပင်နီလေးတွေဝတ်ပြီး “ပေတရာပေါ်မှာ စွန်းတဲ့သွေးတွေ မခြောက်သေးဘူး။” လို့ တက်တခေါက်ခေါက် ငိုခဲ့တာလည်း ခများတို့ပဲ။ ပက်ပက်စက်စက် လူသတ်နေတဲ့ စစ်အစိုးရထွက်ပေါက်ရဖို့ ရွေးကောက်ပွဲမှာ အိမ်ဝင်ဖြည့်ပေးတာလည်း ခများတို့ပဲ။ ပလောင်းပလဲနိုင်လိုက်တာ။ အဖြူတွေက မည်းကုန်တာလား။ အစတည်းက အမည်းပေါ် အဖြူအုပ်ထားတာ ဇာတိရုပ်ပေါ်လာတာလား။ ပြောစမ်းပါ။
“ငါတို့တတွေ တော်လှန်ရေးလုပ်တုန်းက နင်ဖြင့် ဘယ်သွားသေနေမှန်း မသိပဲ အခုမှလာပြီး သောက်ပိုတွေ လာမပြောနဲ့။” လို့ ကလော်တုပ်မယ်မှန်း သိပါတယ်။ ပြောခဲ့ပြီးသားပဲ။ နေသာသလို နေခဲ့တဲ့အထဲ ပါခဲ့ပါတယ် လို့။ နေသာတာပေါ့။ အဲ့ဒီတုန်းက အာဏာသာသိမ်းထားတာ ရန်ကုန်မှာလည်း သာသာယာယာပဲ။ မန္တလေးမှာလည်း သာသာယာယာပဲ။ စစ်ပွဲတွေက ကိုယ့်ဆီဖြစ်တာမှ မဟုတ်တာ။ မဲသဝေါ၊ မာနယ်ပလောလောက်ပဲ ဆိုတော့ ဖြစ်လို့ဖြစ်နေမှန်းတောင် မသိလိုက်ဘူး။ အဲ့ဒါကြောင့် လူထုတော်လှန်ရေးကြီးကို စစ်တပ်က နှိမ်နှင်းလို့ရသွားတယ်။ အနှစ် ၃-၄၀ လောက် လုပ်ချင်တိုင်းလုပ်သွားတယ်။ ဘာဖြစ်လို့ဆိုတော့ ကိုယ့်လိုမျိုး နေသာသလိုနေကြတဲ့သူတွေချည့်ပဲမို့လို့လေ။ အဲ့ဒီအခါ တော်လှန်ရေးကိုစွန့်လွှတ်ပြီး ကိုယ့်ဘဝကိုယ် ပြန်လည်ထူထောင် တည်ဆောက်ကြမယ့်သူတွေကို နိုင်ငံရေးပြစ်မှု လို့ တံဆိပ်ခတ်ပြီး သည်းသည်းမည်းမည်း ချေမှုန်းဖိနှိပ်ခြင်းအမှုတို့ကို စိတ်တိုင်းကျ ပြုမူတော့တယ်။
ဒီကနေ့တော်လှန်ရေးက အာဏာသိမ်းပြီး ၅ နှစ်ပြည့်လုပြီ။ သူတို့ မနှိမ်နှင်းနိုင်သေးဘူး။ နိုင်ငံဧရိယာအကျယ်အဝန်းရဲ့ ၆၅% လောက်က စစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်က လွတ်မြောက်နယ်မြေ ဖြစ်နေပြီ။ တရုတ်အစိုးရရဲ့ ကျူးကျော်စွက်ဖက်မှုသာ မရှိရင် စစ်ကောင်စီက ပြိုလဲသွားတာ ကြာပြီ။ ဒီအခြေအနေမှာ နောက်ကိုပြန်လည်သွားရင် ၈၈ မျိုးဆက်တွေထက် အဆပေါင်းများစွာ ဆိုးရွားတဲ့ ဖိနှိပ်ချုပ်ချယ် သတ်ဖြတ်နှိပ်စက်မှုတွေ ကြုံရမှာပဲ။ စစ်တပ်ကပေးတဲ့ ကုလားထိုင် အဲ့သလောက်တောင် ချိုမြိန်နေလို့ အမြီးသွားသွားနှံ့နေတာလား။ မရှက်တတ်ဘူးလား။ ၈၈ က မှတ်ဉာဏ်တွေ တစိုးတစိမျှ မရှိတော့ဘူးလား။ နင်တို့ရဲ့ ဦးနှောက်က ဒိုရီလောက်ပဲ မှတ်မိတာလား။
၈၈ ကို မီလိုက်သေးတယ်။ ၈၈ တုန်းက အမှတ်သညာတွေ ကျန်နေသေးတယ် ဆိုရင်တော့ မင်းအောင်လှိုင် လုပ်မယ့် ရွေးကောက်ပွဲဟာ ဘယ်လိုအမျိုးအစားမျိုးဖြစ်တယ်။ ဘာလုပ်သင့်တယ်၊ ဆိုတာ ပြောစရာကို မလိုဘူး။ ကိုယ့်တုန်းက နေသာသလိုနေခဲ့မိလို့ ခုချိန်မှာ တိုင်းပြည်တပြည်လုံး ဒုက္ခပင်လယ်ဝေနေရတယ်။ အခုထက်ထိလည်း နေသာသလို နေတုန်းပဲဆိုရင် ကိုယ့်သားသမီး မြေးမြစ်တွေ ကိုယ့်ထက်ဆိုးတဲ့ ဒုက္ခနဲ့ ကြုံရမယ်။ ၈၈ က စလို့ သည်ကနေ့ထိတိုင်အောင် ကိုယ်ဖြတ်သန်းခဲ့တဲ့ဘဝမှာ ဘယ်လိုတွေ ကြုံခဲ့သလဲ ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားပါ။ အဲ့ဒီနောက် နှစ်ပေါင်းများစွာမှာလည်း ဘာတွေဆက်ဖြစ်သလဲ ကိုယ့်ဘာသာကိုယ်ပဲ ပြန်တွေးပါ။ သားတွေသမီးတွေ မြေးတွေမြစ်တွေ ရှိရင်လည်း သူတို့ရှေ့ရေးအတွက်ပါ ပြန်စဉ်းစားပါ။ ဒါတွေအကုန်လုံး မေ့နိုင်မယ် ဆိုရင်လည်း ချိုဇင်မာလင်းစံကြီးလို ပွဲငှါးရှိရာ လိုက်ကကြပါတော့လို့။