ချန်ဂင်တို့စခန်း (၁၆၁)

ရန်ကုန်မှာ မီးတွေပြတ်လို့ အရမ်းပူအိုက်နေပြီ လို့ ပြောကြတယ်။ ကိုယ်တို့ဆီမှာတော့ မီးမရှိလည်း ညခင်းပိုင်း မနက်စောစောတပိုင်း အနွေးထည်တွေ ပြန်ဝတ်နေရတုန်းပဲ။ အိပ်တဲ့အခါ စောင်ခြုံအိပ်ရတုန်းပဲ။ မိုးရွာရွာနေတာ ၃-၄ ရက် ရှိပြီဆိုတော့ နွေဝင်မလိုလိုနဲ့ မိုးကိုခုန်ကူးသွားသလိုရှိတယ်။ လေတွေလည်းကြမ်းတယ်လေ။ လူနာဆောင်ဘေးမှာ ကာထားတဲ့ ကန္နားဖျင်း တာရပတ်စတွေက လေပင့်တော့ ပြဲထွက်ကုန်တယ်။ တစ်နှစ်သက်တမ်း ကျော်လာပြီဆိုတော့ ဟောင်းလာပြီ မဟုတ်လား။ မီးစက်အဟောင်းကလေးတစ်လုံးကလည်း ပျက်သွားပြီ။ အသစ်ပြန်ဝယ်ရတော့မလို ဖြစ်နေတယ်။ သူ့ခမျာလည်း နားမှမနားရရှာပဲကိုး။ ညဘက်အိမ်သုံးဖို့ မီးစက်မမောင်းပေမယ့်လည်း ခွဲခန်းရှိရင်၊ မွေးခန်းဖွင့်ရင်၊ နှိုးရတယ်။ ပစ္စည်းကိရိယာတွေ ပေါင်းဖို့၊ ရေတင်ဖို့ နှိုးရတယ်။ လူနာများလေ အလုပ်လုပ်ရလေ မဟုတ်လား။

လူနာကတော့ ကိုယ့်မှာ စာရင်းဇယားလေးနဲ့ မှတ်ထားလို့ သေသေချာချာသိမ်းတယ်။ ပြီးခဲ့တဲ့လကုန်အထိ စုစုပေါင်း လူနာ ၇၄၆၉ ယောက် ကုပေးခဲ့ပြီးပြီ။ ၄၉၂ ယောက် ဆေးရုံတင်ထားပေးခဲ့ပြီ။ ခွဲလူနာ ၂၃၆ ယောက် ခွဲပေးခဲ့ပြီ။ လူမြင်ကောင်းရုံ ဟိတ်ဟန်ပြနေတဲ့ ဆေးရုံကလေး မဟုတ်သလို လူကြားကောင်းရုံ ဂုဏ်ဖော်ကြွားဝါနေတဲ့ ဆရာဝန်တစ်ယောက်လည်း မဟုတ်ခဲ့ဘူး။ အလုပ်နဲ့ ရလဒ်နဲ့ သက်သေပြနိုင်တယ်။ ကုန်လွန်ခဲ့တဲ့ တစ်နှစ်တာမှာ ဝယ်ယူခဲ့တဲ့ ဆေးဘောက်ချာတွေ ပြန်ပေါင်းကြည့်မိတော့ မယုံနိုင်လောက်တဲ့ ငွေကြေးပမာဏ သုံးစွဲထားခဲ့တာကို သွားတွေ့တယ်။ အဲ့ဒါ လုပ်အားတွေ၊ ပညာတွေ၊ စားစရိတ်တွေ မပါသေးဘူး။ ဒါပေမယ့်လည်း ဆေးရုံကလေးက အဆက်မပြတ်၊ မရပ်မနားကို တိုးတက်ပြည့်စုံလာနေဆဲပဲ။ ကိုယ်ကတောင် သူ့နောက် မနည်းမီအောင် ပြန်လိုက်နေရတယ်။

ရှေ့ဆက်ပြီးတော့ နောက်ထပ်တိုးချဲ့ဖို့ ကြံစည်အားထုတ်ရတဲ့အခါ ကိုယ့်မှာ တော်တော်စိတ်ပင်ပန်းရတာပါလေ။ နေ့ရောညရော လူနာမပြတ်တဲ့ဆေးရုံဆိုတော့ ဒီဆေးရုံမှာ ပညာလာသင်နေတဲ့ PDF တပ်သားလေးတွေလည်း ရှိတယ်။ ကောင်းတာကတော့ PDF လူနာလာတဲ့အခါ သူတို့အကုန် အလှည့်နဲ့ လူနာစောင့်ကြတယ်။ ဆေးရုံကလူချည့်ပဲ ၂၀ ကျော်၊ လူနာနဲ့ လူနာစောင့်က ၄-၅၀ ရှိတယ်။ ဒီလူတွေ သုံးတဲ့ရေ၊ ဒီလူတွေဆီက စွန့်ပစ်ပစ္စည်း တစ်နေ့တစ်နေ့ ဘယ်လောက်ထွက်မလဲ စဉ်းစားကြည့်။ ဒီလူတွေအားလုံး ဖုန်းအားသွင်းဖို့ ဆိုလာနဲ့ မလောက်နိုင်ဘူး။ ကိုယ်တို့ရောက်ကာစက တနေကုန် လိုင်းတက်နေတဲ့ အင်တာနက်လိုင်းတောင် အခု လူတွေများလာလို့ မမိတော့ဘူး။ သန်းခေါင်ကျော် လူခြေတိတ်မှ လိုင်းပြန်မိတာ။ အမ်း မှာနေတုန်းကလည်း ဒီလိုပဲလေ။ ဆေးရုံက အိမ်သာကျင်းတောင် လေးငါးကျင်း ထပ်တူးယူရတယ်။ နတ်ပြည်မှာ ဒီဆရာဝန်ကလေးအတွက် ဗိမ္မာန်ပေါ်ရင် အိမ်သာတွေအများကြီး ပါလိမ့်မယ် ထင်တယ်။ နတ်သားတွိုင်းလက်၊ နတ်သမီးတွိုင်းလက်၊ မနုဿီဟအတွက်က အမွှာပူးတွိုင်းလက်လေးပေါ့။

ကိုယ်တို့အရပ်မှာ တစ်နှစ်တာ ဘယ်အခါရာသီက အသာယာဆုံးလဲ မေးရင်တော့ အခုရောက်နေတဲ့ တပေါင်း တန်ခူးကာလ က အသာယာဆုံး ဖြစ်လိမ့်မယ်ဗျ။ မိန်ရာသီ လို့ ခေါ်တယ်လေ။ သစ်ပင်တွေ အားလုံး ရွက်ဟောင်းကြွေလို့ ရွက်သစ်လဲတဲ့ ရာသီပေါ့။ ပူမယ် ထင်ရပေမယ့် မပူဘူးနော်။ ပြောပြီးပြီပဲ။ မနက်ခင်းလေးဆို အနွေးထည်တောင် ဝတ်နေရတုန်းပါ လို့။ နေ့လည်ကျတော့လည်း အရိပ်ထဲနေ။ လေပွေလေရုးကလေးတွေနဲ့ အေးလျက်သာပါပဲ။ အခုဆို မိုးတောင်ရွာထားသေးလို့ ဖုန်တွေသိပ်သွားတယ်။ အဖူးအညွန့် အရွက်အသစ်တွေ ထွက်ချိန်မို့ တောထဲသွား ဟင်းရွက်ခူးလို့ချည့်နေကြတယ်။ မိုးမကျသေးတော့ ကျွတ်တွေမျှော့တွေ မတွယ်သေးပဲကိုး။ ပြန်လာရင် ဆေးရုံအတွက် တစ်ပုံတစ်ပုံ ဝင်ပေးသွားတတ်ကြတယ်။

မိုးရွာရင် ဗွက်တွေပေါက်ပြီး လမ်းပိတ်သွားမယ်။ မနှစ်တုန်းကလိုပဲလေ။ ဒါပေမယ့် ဒီဘက်ကလူတွေက အဲ့သလိုမျိုးဖြစ်ပြီး လူနာတွေ မလာနိုင်မှာစိုးလို့ ချောင်းထဲက ကျောက်တွေသဲတွေ ကော်ပြီး မိုးမကျခင် လမ်းပြီးအောင် ခင်းနေကြတယ်။ ကြည့်သေးတာပေါ့။ လာရင်ကုမယ်။ မလာရင် နားမယ်။ မိုးမကျခင် ဟိုကောင်တွေဂိန်သွားတော့လည်း အိမ်ပြန်ရတာပ။ အရိပ်အကဲကြည့်ရတာတော့ ဝါမဆိုလောက်ဘူး ထင်တာပဲ။ အဲ့ဒါကြောင့် မိုးတွင်းစာတောင် စုမထားသေးဘူး။ တော်နေကြာ အလဟဿဖြစ်သွားဦးမယ်။

အိုင်လေးက “ကွန်ဖီးဒန့်လယ်ဗယ် စိုးဟိုင်း” ဖြစ်နေတာ မဟုတ်ပါဘူး။ ခုရက်ပိုင်း စစ်ကောင်စီဟာ အရပ်သားတွေကို အလကားနေရင်း အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်တာကလွဲလို့ ဘယ်စစ်မျက်နှာမှာမှ နာလံမထူတဲ့ဟာကို။ အစိမ်းကြွေလည်း ကြွေတယ်။ အမှည့်ကြွေလည်း ကြွေတယ်။ အဲ့ဒီနှုန်းအတိုင်းသွားလို့ကတော့ အုံလိုက်ပြိုကျလာတော့မှာ။ ရာသီကိုက ရွက်သစ်လောင်းဖို့ ရွက်ဟောင်းကြွေတဲ့ အခါသမယ မဟုတ်လား။ သင်္ကြန်မိုးရေ တန်ခူးလေနဲ့ဆိုရင် PDF ပိတောက်ဖူးကလေးတွေ တနိုင်ငံလုံးမှာ ဝေဝေဆာဆာ ဖူးပွင့်လာကြဦးမှာ။ ဘာမှ အားငယ်စရာ မရှိ။

အခုနောက်ပိုင်း ကိုယ်တို့ဆေးရုံမှာ ကုသရေးအပြင် သင်ကြားရေးတာဝန်တွေကိုပါ တိုးတိုးပြီး လုပ်လာကြတယ်။ ကိုယ်က ကိုယ့်အောက်က အငယ်တွေကို သင်ပေး၊ under supervision နဲ့ ကိုယ်တိုင်လုပ်ခွင့်ပေးသလိုပဲ သူတို့ကလည်း သူတို့အောက်က အငယ်တွေကို သင်ပေးပြပေးတာတွေ ရှိတယ်။ ဒါကြောင့်မို့ ဆေးတပ်သားရဲဘော် ရဲမေကလေးတွေက ကိုယ်တို့ဆေးရုံမှာ အလုပ်လာဆင်းချင်ကြတာ။ နောက်ထပ်လည်း လာချင်တဲ့သူတွေရှိတယ်။ နေရာမဆန့်လို့ မခေါ်နိုင်သေးဘူး။ ဒီမှာက လူနာတွေနဲ့ လက်တွေ့သင်ရမယ်။ မြို့ပေါ်က nurse aid သင်တန်းတွေလို ပိုက်ဆံလည်း ပေးစရာမှ မလိုတာ။ နောင်ကျ ကိုယ်တို့အိမ်ပြန်သွားတဲ့အခါ ဒီအရပ်ဒီဒေသမှာ ရမ်းကုတွေ မှိုလိုပေါက်အောင် ချန်ထားရစ်ခဲ့တယ် လို့ အပြောမခံနိုင်တဲ့အတွက် သေသေချာချာ ဖိဖိစီးစီး သင်ပါတယ်။ အလှူပွဲ ဇာတ်ပွဲရှိလို့ အကွဲအပြဲတွေလာရင် သူတို့မှာပျော်နေကြရော။ အလှည့်ကျ ချုပ်ခွင့်ပေးထားတာကိုး။ ကိုယ့်အလှည့် မရောက်တာကြာရင် ထွက်များ ရိုက်ကြမလားတောင် မသိဘူး။ အရင်တုန်းကဆို ထစ်ကနဲရှိ အကြောဆေးထိုးပါ အသားဆေးထိုးပါ ပူဆာနေတဲ့လူနာတွေက အခုများဖြင့် “ဆေးမထိုးတော့ဘူးနော်။ စားဆေးပဲပေးပါနော်။” ဖြစ်သွားပြီ။ ဟိုဘက်မှာ အပ်တည့်စမ်းမည့်ကောင်တွေ မြင်တာနဲ့ကို ဇောချွေးပြန်ပြီး အဖျားကပျောက်သွားပြီ မဟုတ်လား။

ချန်ဂင်တို့စခန်းကလေးဟာ Facebook ပေါ်မှာတင် ကျော်တာ မဟုတ်ဘူး။ အနီးနားဝန်းကျင် ရပ်ထဲရွာထဲမှာလည်း အားကိုးလောက်လို့ ကျော်တယ်။ KIA /KIO တွေဘက်မှာလည်း Specialist Facility နဲ့ ဆေးရုံကလေးမို့ ကျော်တယ်။ ဟိုဘက်ကအကောင်တွေဆီမှာလည်း သောက်မြင်ကပ်စရာ ဆရာဝန်ချောချောလေးတစ်ယောက်ရှိလို့ အစိမ်းလိုက်ဝါးစားချင်စိတ်တွေနဲ့ ကျော်မှာပါပဲ။ ကိုယ့်မလည်း အခုမှပဲ ကိုကြီးကျော်ဘဝရောက်တော့တယ်။ ပန်းပဲမောင်တင့်တယ် တောခိုတုန်းကတောင် အင်းတော်ကြီးအထိ ရောက်ခဲ့တာ မဟုတ်။ ရွှေတွင်း၊ ငွေတွင်း၊ ပယင်း၊ ကျောက်စိမ်း တို့ဖြင့် သတင်းအတော်ကြီးနေသော အင်းတော်ကြီးအပိုင်၊ အောက်ခရိုင် လောက်ကိုင်တဝိုက်၊ အနားဖြန့်ကြည့်လိုက်တော့ ဖားကန့်အထိ ပိုင်စံစိုးတော်မူသော ချန်ဂင်ကိုယ်တော်ကြီးစိုး လို့ နတ်သမိုင်းတွင်နေမှာ စိုးရတယ်။

ဘယ်လိုပဲဖြစ်ဖြစ်လေ။ အရာအားလုံး ပျက်စီးဆုတ်ယုတ်သွားတဲ့ အာဏာသိမ်းကာလ အတောအတွင်းမှာ ခြေမဲ့လက်မဲ့ကနေ ဒီအခြေအနေထိရောက်အောင် ကြိုးစားပြီးတည်ဆောက်ခဲ့ရလို့ ကျေနပ်ပါတယ်။ ဒီနှစ်နှစ်အတောအတွင်းမှာ တချို့တွေ အသက်ဆုံးရှုံးသွားတယ်။ တချို့တွေ ထောင်ထဲရောက်သွားတယ်။ ခုထက်ထိ ပြန်ထွက်မလာနိုင်သေးတဲ့သူတွေလည်း ရှိတယ်။ တချို့တွေ နေစရာအိမ်နဲ့ ပိုင်ဆိုင်မှုတွေ အသိမ်းခံလိုက်ရတယ်။ မအိမ်လုံးကြီးပေးတဲ့ ဝေဒနာတွေပေါ့။ ဒါပေမယ့် ဒီကောင်ကြီးလက်အောက်မှာ ဒူးထောက် အညံ့မခံပဲ ခုချိန်ထိအောင် ဆန့်ကျင်တော်လှန်နေဆဲလူတွေ အများကြီး ရှိတယ်။ အဲ့ဒီအထဲမှာ ကိုယ်ပါတယ်။ အဲ့ဒါ ကိုယ့်အတွက် ရွှေအောင်တာ၊ ကျောက်အောင်တာထက် တန်ဖိုးရှိတယ်။ နေရသ၍ လိပ်ပြာလုံသလို သေရရင်လည်း အသေဖြောင့်တယ်။ ခံဝန်ထိုးပြီး အလုပ်ပြန်ဆင်းပါ။ ရွှေချိန်ပိဿာ ၁၀၀ ပေးပါ့မယ် ဆိုရင်လည်း မဆင်းနိုင်ဘူး။ ဒီကောင်ကြီးတွေကို ဆန့်ကျင်တော်လှန်ရတာလောက် ချိုမြိန်တဲ့အလုပ် လောကမှာ မရှိဘူး။ ရှင်းပြီလား။ ပီတိသုခဆိုတာ ရုန့်ရင်းကြမ်းတမ်းတဲ့ အနိမ့်စားသတ္တဝါတွေ မခံစားတတ်ပါဘူး။ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခတွေနဲ့ ကြုံတွေ့နေရပါစေ၊ စစ်သားတစ်ယောက် သေသွားတိုင်း သေသွားတိုင်း ဖရဏာပီတိ ဂွမ်းဆီထိသလို ကြည်နူးဝမ်းမြောက်ရတဲ့ မြန်မာပြည်သားတွေရဲ့ စိတ်ခံစားမှုမျိုးကို ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးလူမျိုးတွေကသာ ကိုယ်ချင်းစာ နားလည်နိုင်ပါလိမ့်မယ် ထင်ပါရဲ့။ သာဓုပါ အရပ်ကတို့။