ချန်ဂင်တို့စခန်း (၁၄၆)

“စိုး ရေ။ ဘယ်သွားမလို့လဲ ဟင်။”

“လမ်းလျှောက်မလို့လေ မလေးရဲ့။ မလေး လိုက်ချင်လို့လား။ လိုက်ချင် လိုက်ခဲ့လေ။”

“အို… ဘယ်သွားမှန်းလဲ မသိပဲနဲ့။ ရောက်ချင်ရာတွေ ရောက်ကုန်မှာပေါ့။”

“ရောက်ပစေလေ။ ကိစ္စမရှိပါဘူး။ ရောက်ဖို့သွားတာမှ မဟုတ်တာ။ ရောက်ချင်တဲ့ဆီ ရောက်။ လျှောက်ဖြစ်တယ်ဆို ပြီးတဲ့ဟာ။”

“သွားမယ့်နေရာ ရေရေရာရာမရှိရင် လမ်းပျောက်နေမှာပေါ့ စိုးရယ်။”

“မပျောက်ပါဘူး မလေးရယ်။ ဟိုးမှာကြည့်။ မြင်တယ်မို့လား။မိုးကုပ်စက်ဝိုင်းကြီး။ အဲ့ဒီကို သွားကြမယ်လေ။ ဘယ်ကိုမှ လမ်းလွဲစရာ မရှိဘူး။ ကိုယ့်ရှေ့တုရူတင်။”

ကြည်အေး ၁၆ နှစ်သမီးလောက်က ရေးတဲ့ ဝတ္ထုစာသားတွေကို ကျော်ဆွေတို့ ခင်ယုမေတို့ ငယ်ငယ်တုန်းက ရုပ်ကလေးတွေနဲ့ မြင်ယောင်ကြည့်လိုက်ပေါ့။ အချစ်မူး မူးတတ်တဲ့ အသက်အရွယ်လည်း မဟုတ်တော့ဘူး။ အချစ်ရူး ရူးရမယ့် အချိန်အခါလည်း မဟုတ်ပါဘူး။ အချစ်ဆူး စူးခဲ့လို့ နာကြင်နေတာလည်း မဟုတ်ရပါဘူး။ တော်လှန်ရေးလုပ်နေတာ အဲ့ဒီစကားတွေနဲ့ ဘာဆိုင်လို့လဲ။ မဆိုင်တော့လည်း မဆိုင်ဘူးပေါ့လေ။ ဒါပေမယ့် တော်လှန်ရေးနောက်ခံ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတွေနဲ့မှ Ro ချင်တယ် ဆိုရင်တော့ အခုအချိန်ဟာ အဲ့လိုစကားလေးတွေနဲ့ သာယာကြည်နူးနေရမယ့် အချိန်အခါမျိုး ဖြစ်ပါတယ်။ အယ်လယ်။ ရင်တွေဘာတွေ ခုန်လာပြီ မဟုတ်လား။ လာလေ။ ရေးကြည့်ရအောင်။

ဆရာစိုးလေး CDM လုပ်လာခဲ့တုန်းမှာ ခလေးက

“ဆရာ ဘယ်သွားမလို့လဲ။ ဘာလုပ်မလို့လဲ။”

လို့ မေးလာပြီ ဆိုပါစို့။ (ဆိုပါစို့ နော် ဆိုပါစို့။) ဆရာစိုးက ပြန်ဖြေမယ်လေ။

“မတော်မတရားတဲ့ အတင်းအဓမ္မ စေခိုင်းတဲ့ အမိန့်တွေကို မလိုက်နာချင်လို့ CDM လုပ်ကြမယ်လေ။ ခလေးရော လိုက်ဦးမလား လို့ မခေါ်ပါဘူး။ ခလေးတို့က ဆရာ့ကို လာခေါ်တာ။ လိုက်မယ်လေ။ လိုက်ချင်တာပေါ့။ တစ်ယောက်တည်းလည်း မနေခဲ့နိုင်ဘူး။ အတူတူ သွားကြတာပေါ့။ ဟုတ်ပြီလား။”

“အို အန္တရာယ်များပါတယ် ဆရာရယ်။ မတော်လို့ ထောင်တွေတန်းတွေ ကျနေတော့ ဘယ်လို လုပ်မလဲ။ ခုတခါ ပရိုမိုးရှင်းထွက်ရင် ပါတော့မှာ မဟုတ်ဘူးလား။ အလုပ်ထွက်ရမှာ နှမြောစရာကြီး။”

လို့ ဆက်ပြောကြမှာပေါ့နော်။

“အဲ့ဒါတွေက အရေးကြီးလို့လား ခလေးရယ်။ စစ်အစိုးရ ခိုင်းတဲ့ မဟုတ်ကဟုတ်က အလုပ်တွေကို ဆရာလည်း လုပ်နိုင်မှာမှ မဟုတ်တာ။ ခက်ခဲကြမ်းတမ်း ပင်ပန်းမယ်မှန်း သိပြီးသားပါလေ။ အဓိက က ပြည်သူနဲ့အတူ ရပ်တည်ချင်လို့ ပြည်သူ့ဘက်ကရပ်တည်ချင်လို့ ပြည်သူတွေ လျှောက်တဲ့လမ်းကို လျှောက်တာလေ။ ရောက်ချင်တဲ့ဆီရောက် အတူတူလျှောက်ခဲ့တဲ့ ခရီးလမ်းမို့ ကျေနပ်တယ်။ လှေကြုံစီးလာတဲ့သူ မဖြစ်ချင်ပါဘူး။ ခရီးဖော်ပဲ ဖြစ်ချင်တာပါ။”

(ဟိုက်ရှားဘား။ ပလီတာ ပလီတာ။ ပလီစိခြောက်ချက်တွေ။)

“အခု ၂ နှစ်တောင် ရှိလာပြီ ဆရာ။ ခလေး အိမ်ပြန်ချင်နေပြီ။ ဒီခရီးက ရောက်ရော ရောက်ဦးမှာလား။ ခလေးတို့ မိုးကုပ်စက်ဝိုင်းဆီ မရောက်မချင်း လျှောက်နေတဲ့သူလို ဖြစ်နေပြီလား ဟင်။”

လို့ မောပန်းနွမ်းနယ်စွာ ညည်းတွားလာခဲ့ရင်ကော။

“ခလေး စောန က ကြည့်ခဲ့မြင်ခဲ့တဲ့ မိုးကုပ်စက်ဝိုင်းပေါင်း များစွာကို ဆရာတို့ ဖြတ်ကျော်လာပြီးပါပြီ ခလေးရယ်။ အခုဆက်သွားနေတာက နောက်ထပ် နောက်ထပ် မိုးကုပ်စက်ဝိုင်းကလေးတွေကို ပန်းတိုင်အသစ်ထားပြီး ဆက်လျှောက်နေတာပါ။ သေချာပြန်ကြည့်စမ်း။ အာဏာသိမ်းပြီးပြီးချင််း ဖောင်ဒေးရှင်းအလှူငွေတွေ၊ နိုင်ငံခြားအထောက်အပံ့တွေ၊ ကာကွယ်ဆေးတွေ မောင်ပိုင်စီးပြီး ပြည်သူတွေကို အောက်ဆီဂျင် ဆလင်ဒါတောင် တနေကုန် တန်းစီတိုးခိုင်းထားတဲ့ စစ်အစိုးရ လက်အောက်မှာတောင် လူနာတွေရဲ့အသက်ကို ရအောင် ကယ်ခဲ့တာပဲ မဟုတ်လား။ ရွာတွေကိုမီးရှို့၊ လေယာဉ်နဲ့ ဗုံးလာကျဲလို့ သေလုမျောပါး ထိခိုက်ဒဏ်ရာရလာတဲ့ အရပ်သားပြည်သူတွေကိုလည်း သူတို့ အတန်တန်ပိတ်ပင်ထားတဲ့ကြားက မရရအောင် ဆေးကုခဲ့တာပဲလေ။ ၂ နှစ်ဆိုတဲ့ကာလမှာ သူတို့က ဘယ်လောက်ပဲ ဖမ်းနိုင်သတ်နိုင်ပါစေ။ အောင်ပွဲကတော့ ပြည်သူ့ဘက်မှာချည့်ပဲ ရှိပါတယ်။ ဟိုမှာကြည့်စမ်း။ မိုးကုပ်စက်ဝိုင်းကြီးကို မြင်နေရတယ် မဟုတ်လား။ အေး။ အဲ့သလိုပဲ။ မရှုမလှကျရှုံးပြီး သားစဉ်မြေးဆက် နာလန်မထူနိုင်ပဲ အနူအရွဲ ငဆွေးငပွေးများလို လူတောမတိုးဝံ့တော့မယ့် စစ်ခေါင်းဆောင်တွေရဲ့ နိဂုံးကိုလည်း ပြည်သူက မျက်ဝါးထင်ထင် မြင်နေရပါပြီ။ မြေကြီးလက်နဲ့ပုတ်လို့သာ လွဲချင် လွဲမယ်။ သူတို့ရဲ့အရှုံးကတော့ လွဲကို မလွဲဘူး။ ခုချိန်မှာ ဘယ်စစ်သားမဆို သေခါနီးယူဖို့ရိက္ခာပဲ လှည့်ပတ်ရှာနေရတာ။ မသေပဲ ရှင်ကျန်ရစ်ဖို့တောင် သိပ်မသေချာတော့ဘူး။ ပြည်သူတွေဘက်ကတော့ သေချာပါတယ်။ ငါတို့တွေ နိုင်ကိုနိုင်ရမယ် တဲ့။”

စောင်တွေကိုက်ပြီး ဖတ်နေကြတာလား ဟင်။ ခုချိန်က ဇာတ်ထဲမှာဆို နှစ်ပါးသွားထွက်ရမယ့် အချိန်မို့လို့ စတိုင်ကျအောင် မြိုင်ထခန်းလေး ထွက်ကတာပါ။ အလုပ်မလုပ်ပဲ ၂ နှစ်ကြာလာတဲ့အခါ CDMers တွေကို “ပျောက်သောလမ်းမှာ စမ်းတဝါးဝါး ဖြစ်ကုန်ကြပြီလား။” လို့ သုဿန်ဝ က တုတ်တံပြ ခြိမ်းခြောက် ခိုင်းစေခံထားရသူတွေက ရိသလိုသဲ့သလို ခနဲ့သံတွေကြားရလို့ အိုင်တို့ဘက်မှာ သာသာယာယာ ရှိတဲ့အကြောင်း လှစ်ပြတာပါ။ ဟုတ်ပါတယ်။ ခက်ခဲပါတယ်။ ဆင်းရဲပါတယ်။ ပင်ပန်းပါတယ်။ သို့သော် ဒီလမ်းက ချစ်သူနဲ့လျှောက်သောလမ်း။ ပြည်သူနဲ့အတူလျှောက်သောလမ်းမို့ စိတ်ချမ်းသာတယ်။ လိပ်ပြာလုံတယ်။ သူတို့လို မအိမ်လုံးကြီးနဲ့ လျှောက်သောလမ်းမှ မဟုတ်တာ။ ကန္တာရခရီးလမ်း ကြမ်းချင်လည်း ကြမ်းတမ်းပါစေ။ ဒင်းအခွက်ကြီး ကြည့်မလျှောက်ရတာနဲ့တင် ကျန်းမာဖွံ့ဖြိုး ဉာဏ်ရည်တိုးတယ်။ သိရဲ့လား။

သူများတွေက သူများစိတ်နဲ့သူများကိုယ်။ လူ့အောက်ကြို့လို့ လူမပိတာ။ သူတို့သဘောလေ။ ကိုယ့်စိတ်ကိုယ့်သဘောထားက ဒါမျိုးမှ မလုပ်နိုင်တဲ့ဥစ္စာ။ ကိုယ်တို့အလုပ်ဝင်ကာစမှာ ကျန်းမာရေးဝန်ကြီးအသစ်ပြောင်းလာတယ်။ ဦးစောထွန်း တဲ့။ စစ်ထောက်လှမ်းရေးကလာတာ။ သူလာတော့ သူ့အောက်က PSO လုပ်တဲ့သူတွေပါ ခေါ်လာပြီး ညွှန်ကြားရေးမှူး ရာထူးတွေ ခန့်ပစ်တယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့ စီမံအုပ်ချုပ်တတ်အောင် ယိုးဒယားလွှတ်ပြီး MBA တွေဘာတွေ အတက်ခိုင်းတယ်။ သူကိုယ်တိုင်လည်း ဆရာဝန်တွေကို အုပ်ချုပ်မှာမို့လို့ ဆရာဝန်တွေ သိတဲ့တတ်တဲ့အတိုင်း သိချင်တတ်ချင်တယ်တဲ့။ ဆေးကျောင်းက ဖတ်စာအုပ်တွေ သူ့ဘာသာ ဖတ်ပြီး လူနာတွေ စမ်းပါတော့တယ်။ တပ်ကလာလို့ ပညာမတတ်ဘူးလို့တော့ အပြောမခံနိုင်။ ပညာလို အိုသည်မရှိ မဟုတ်လား။ ဦးကျည်ပွေ့ကြီး အတက်ပေါက်လာတဲ့အခါ ရန်ကုန် အနောက်ပိုင်းဆေးရုံသွားပြီး ဆရာဝန်ပေါက်စကလေးတွေနဲ့ လူနာပြိုင်စမ်းပါသတဲ့။ ဒီလူနာ ဘေလုံးကြီးသလား မကြီးဘူးလား။ မှားတဲ့ကောင် ခိုင်းတာလုပ်ကြေး စမ်းတာနော်။ ခေသောသူမဟုတ်။ သို့သော်လည်း ဝန်ကြီး နဲ့ ဝန်ထမ်း နပန်းလုံးကြတဲ့အခါ ဘယ်သူ့ အနိုင်ပေးရမလဲ မေးစရာလိုသလား။ ဝန်မင်းဖျား လက်ပန်းပေါက်ခတ်စေသတည်း။ အဲ့ဒီအခါ ကုတင်ပေါ် ခြေတစ်ဘက်တင်ပြီး “ဟျောင့် မင်းရှုံးပြီ။ လာ ငါ့ခြေထောက်အောက် လေးဘက်ထောက် ဝင်လှည့်။” လို့ အတည်ပေါက်ကြီးကို ခိုင်းပါသတဲ့။ ဝန်ကြီးဝန်မင်းဆိုတာ ကွန်းစင်တင် ကိုးကွယ်ရာပေမယ့် သူတို့လည်း ကမ်းနားသစ်ပင်တွေပါ။ ဘယ်သူက အကြာကြီးနေမှာကျလို့။ ဘုန်းကြီးရုးလို့ လှေလူးသခိုက်ကလေး ရောယိမ်း ဘသားယိမ်း အလိုက်သင့်ယိမ်းနိုင်ရင် ဆယ်မိနစ် နဲ့ တစ်သက်တာ ဘယ်ဟာအတွက် ဘယ်အရာ စွန့်လွှတ်မလဲ။ မေးစရာမလိုဘူး။ ဒါလေး သည်းခံလိုက်။ နောင်ကျ ပရော်ဖက်ဆာတောင် ဖြစ်လာသေး။ ကိုယ့်တော့ လာမမေးနဲ့နော်။ သေတောင် မလျှောက်ဘူး။ မင်း တစ်သက်လုံး ဆေးမကုနဲ့တော့ ဆိုလည်း မကုပဲ နေပလိုက်မယ်။ စစ်ခွေးရှေ့မှောက် လေးဘက်ထောက်တဲ့အစားထဲတော့ မပါဘူး။ လူလိမ်မာလည်း မလုပ်ပါရစီနဲ့။ ပညာရှိလည်း မဖြစ်ပါရစီနဲ့။ Senior Consultant ဖြစ်ကာမှ တောမှာ SMO လက်အောက် ဆင်းကုလေတယ်လို့လည်း သနားမနေနဲ့။ ကိုယ့်လမ်းကိုယ် ရွေးခဲ့တာ။ လျှောက်ချင်လို့ကို လျှောက်ခဲ့တာ။ ကြာချင်သလောက်ကြာ ရောက်ချင်ရာ ရောက်ပလေ့စေ။ ဆရာနဲ့အတူတူလျှောက်ရတာ မှားနေပြီ လို့ ထင်နေတာလား။ ခရီးတာလှမ်းလို့ ပင်ပန်းနွမ်းနယ်နေတာများလား။ အဲ့သလိုဆိုရင်လည်း စခန်းချမြိုင်ထကလေးနဲ့ နားကြရအောင်လေ။ ချစ်သောသူနဲ့ အတူလျှောက်သောလမ်းဆိုတာ ဒီ့ထက်သာယာတာ ဘာရှိဦးမှာလဲနော့။

“ရနံ့ချိုစွာ

တသန့်ဟိုမှာ တခွင်လုံးတော။

တောင်ဝနာ့ ဘွေတခွင်မှာ

မောင် အလှ ဖေလင် မြင်ရုံနဲ့မော။

ကျေးသံငှက်သံနှော

ပြောကြပြောကြရှာ

ဩောင်းဥုံသံတွေပြင်း

ဂျီမင်း ဖေဝိဇ္ဇာ

ဂူ ကျောင်းသင်္ခန်းနော်ဗျာ့

သူယောင်ပင်လှမ်း မြန်းကြရှာ။

လွမ်းစရာ့မြိုင်ကုန်းဘွေဗျ

တခိုင်လုံးရွှေ

သင်း၍ကျော်ကျူးဝေ

ညှင်းလေဆော်ဦးနွေ။

နွေဦးဆန်းသမို့

မြင်ရာမြင်ရာဆန်း

လျှမ်းတင့်ပန်းမြင့်လှိုင်

ရနံ့ချိုစွာနှော

ဒေါနသော်ကခိုင်

ဟိုတသန့်မှာနော်မေ

ချိုပျံ့ပျံ့တွေက လှိုင်။”