လှထုံတို့ရွာ (၅)

တောကြိုအုံကြားမှာ စာရင်းမဝင် အင်းမဝင် ကိုဗစ်စင်တာကြီးထောင်တယ်ဆိုတော့ ပေတရာခင်ခင်ကြီးတို့်များ သိရင် အမယ်လေး ရယ်ချင်လိုက်တာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော လို့ လှောင်မလား မသိပါဘူး။ သူက အိမ်မှာ ကိုယ့်ဘာသာသေတဲ့ဟာတွေဘယ်နှစ်သိန်းရှိရှိ PM လုပ်မထားရင်၊ သူ့ဆီမှာ ကိုဗစ်အမည်ပေါက်စာရင်းမဝင်ရင်၊ ထည့်တွက်စရာ မလိုဘူး လို့ ပညာရှိစကား မိန့်ကြားထားတာကိုး။ သူသူငါငါ ကိုယ့်ဘာသာကိုယ် test kit ကလေးတွေနဲ့ နှာခေါင်းကော်လို့ နှစ်ကြောင်းပေါ်ခဲ့ရင်တောင် NHL မှာ PCR နဲ့ မစစ်ရသေးရင် “ကိုဗစ်ဟု အဓိပ္ပါယ်သက်ရောက်ခြင်း မရှိစေရ။” ပဲ။ အဲ့လိုဆိုတော့ လှထုံတို့တစ်ရွာလုံး ပြုတ်ပြုတ်ပြုန်းသွားရင်တောင် သူ့အတွက်တော့ ဘောင်မဝင်တန်းမဝင်တွေပဲ။ တောကလူတွေ ဘာနဲ့သေသေ သေချင်တာနဲ့သေ။ အရေးကိုမပါတာ။

ဒါပေမယ့် ရွာထဲမှာ လေးတန်းမအောင်တဲ့ ကလေးပေါက်စကတောင် နှာခေါင်းနှိုက်စရာမလိုပဲ ဒါကြီးက ကိုဗစ်လား မဗစ်လား တန်းပြောနိုင်တယ်။ တစ်ယောက်နှစ်ယောက် တစ်အိမ်နှစ်အိမ် တစ်ရွာနှစ်ရွာဖြစ်တာမှ မဟုတ်တာ။ အိမ်ပေါက်စေ့ လူကုန်အောင် ဖြစ်ခဲ့ပြီးသား။ ဘယ်နှစ်ရက်ကြာရင် ဘာဖြစ်လာမယ်။ ဘယ်လောက်ကြာဦးမယ်ပါ သူတို့သိတယ်။ သေတဲ့လူတွေသေပြီးသား။ ပျောက်တဲ့လူတွေ ပျောက်ပြီးသား။ အခု ကိုယ့်ဆီလာတာ ပျောက်ချိန်မတန်သေးတဲ့သူတွေ ဆေးထိုးဆေးသောက် လုပ်ချင်လို့လာတာ။ သေချာတယ် ကိုဗစ်။ ဆင်ကောင်ကြီး မြင်နေလျက်နဲ့ ဆင်ခြေရာ မရှာနဲ့။ ကိုဗစ်အမည်ပေါက်လို့ ထောက်ပံ့ကြေးလည်း တစ်ပြားမှရတာမဟုတ်။ ပါရာစီတမောတောင် ကိုယ့်ဘာသာဝယ်သောက်ရတာ။

ဒါကြောင့် ကိုယ်တို့စင်တာမှာ နှာခေါင်းတို့ပြီး ပိုးစစ်ဖို့ဆိုတာ ဆရာ့ဘာသာ စစ်ချင်စစ်။ သူတို့အတွက် မလိုဘူး။ ဖြစ်ပြီးပြီ။ ကူးပြီးပြီ။ ကျော်တို့က immune ဖြစ်နေပြီ ဆရာ။ မကြောက်တော့ဘူးတဲ့။ “ဟဲ့ ဟုတ်သေးဘူးလေ။ PPE ဝတ်တယ်ဆိုတာ လူနာဆီက မင်းတို့ဆီ ကူးမှာစိုးလို့သက်သက်တင် မဟုတ်ဘူး။ ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ မင်းတို့ကိုယ်ပေါ်မှာ ပိုးတွေပါသွားရင် မကူးရသေးတဲ့သူတွေ အကုန်လျှောက်ကူးကုန်မှာ။” လို့ ပြောလည်း မရပါဘူး။ “မကူးရသေးတဲ့သူကို မကျန်တာ ဆရာ။ အကုန်ကူးပြီးသား။ မပျောက်သေးတဲ့ သူတွေပဲ ကျန်နေတာ။” တဲ့။

တစ်ရွာလုံး အိမ်စေ့အောင်မွှေပြီးတဲ့ ကိုဗစ်ကို ခုခါကျမှ ရောဂါမပြန့်ပွါးအောင် ထပ်ထိန်းနေလို့ရော ဘာအကျိုးထူးမလဲ။ ဘာတဲ့။ PPE level 3 နဲ့မှ လူနာအနားကပ်ရမယ် ဟုတ်စ။ ဆရာမလာခင်အထိကို လည်ပင်းဖက်ပြီး သွားလာနေကြတဲ့သူတွေ။ mask တောင် ဘယ်သူမှမတပ်။ စည်းကမ်းမရှိတဲ့သူတွေကို စည်းကမ်းနဲ့ညီအောင်နေတတ်ဖ်ု့ သွန်သင်ရတာလောက်ခက်တာ ဘာမှမရှိဘူး။ အဲ့ဒီတော့ ရွာသားတွေ ဆိုင်းဘုတ်တပ်ထားတဲ့ ကိုဗစ်ကုသရေးစင်တာ ဆိုတာကြီးဟာ ဘာ standard guidelines နဲ့မှ စံချိန်မမီတဲ့ ကျုပ်ကျက်လိ စီမံခန့်ခွဲမှုနဲ့ စခန်းသွားနေရသလိုပါပဲ။

ခန်းမထဲကို ကုတင် ၈ လုံးသွင်းပြီး ခပ်ဝေးဝေးခွါထားလိုက်တယ်။ စတိတ်စင်ပေါ်မှာ မှန်မကာနိုင်ပေမယ့် စင်ပေါ်နဲ့စင်အောက် ခဲတစ်ပစ်စာလောက် ဝေးအောင်ခွါထားလိုက်တယ်။ ကော်ရစ်ဒါတစ်ဘက်ကို ရှိသမျှအပေါက်တွေ အကုန်ပိတ်ပစ်ပြီး clean zone အဝင်အထွက် ထားလိုက်။ ကျန်တဲ့တဘက်ကို တိုးလျိုပေါက်အကုန်ဖွင့်ထုတ်ပြီး လူမဝင်အောင် ကာထားလိုက်တယ်။ မီးစက်နှိုးနေရတာကို အဲကွန်းဘယ့်နှယ်လုပ်တပ်မလဲ။ ကလေးတွေ vital signs ယူတတ်အောင်သင်ပြီး လူနာကုတင်က စာအုပ်ထဲ chart down။ အော်လံနဲ့ အပေါ်ကိုလှမ်းအော်။ အပေါ်ကလူက သူ့လက်ထဲရှိတဲ့ clean chart ထဲ ပြန်ဒေါင်း။ white board ပေါ်မှာ ဇဃားကွက်ချပြီး ပြန်ချရေးထား။ အဲ့ဒါကြီးက central monitor ပဲ။ အဲ့ဒါကြီးကြည့်ပြီး treatment ပေးတယ်။ အစားအသောက် အမှိုက်သရိုက် အသွင်းအထုတ် အိမ်ကပို့တဲ့ ပစ္စည်း အသွင်းအထုတ် ဆေးဖြန်းပြီး စံနစ်ကျအောင်လုပ်ပေးလိုက်တယ်။ လူနာစောင့်သုံးဖို့ အုတ်ကန် အိမ်သာ၊ ဗော်လံတီယာ သုံးဖို့ အုတ်ကန် အိမ်သာ သပ်သပ်စီ ခွဲပေးထားတယ်။ PPE ဝတ်ဖို့ ချွတ်ဖို့ စွန့်ဖို့ပစ်ဖို့ ရေချိုးခေါင်းလျှော် အဝတ်ပါလျှော်ဖို့ အခန်းတွေပြင်ရတယ်။ အတတ်နိုင်ဆုံး ရန်ကုန်မှာပြင်ထားတဲ့အတိုင်း လိုက်ပြင်တာ။ ပြင်ပြီးမှ ဖွင့်တာမဟုတ်။ လူနာတွေ တင်ထားရင်း ကြည့်နေရင်း တစ်ခုပြီးတစ်ခု လိုသလို လိုက်ပြင်နေတာ။

Treatment ပိုင်းကို physicians တွေ လက်ခံထားတဲ့ standard guidelines အတိုင်း ကြိုးစားပေမယ့် ဖားတုလို့ ခရုခုန်ရတာတွေ အများကြီးပါ။ ဓါတ်ခွဲခန်းမရှိ၊ဓါတ်မှန်မရှိ၊ ECG မရှိ တောကုကုနေရတာ အခုဆို flow meter မရှိတော့လို့ နောက်ထပ်လူနာ လက်မခံနိုင်ပဲ house full ဖြစ်သွားပါပြီ။ အားလုံးက ၇၀ ပတ်ချာလည် အောက်ဆီဂျင်နဲ့ ဝင်လာပြီး ၉၀ ပတ်ချာလည်လောက်မှာ တန်းနေတယ်။

ဗော်လံတီယာလေးတွေကတော့ တက်ကြွရှာပါတယ်။ သူတို့ကို အဖျားတိုင်းတာ သွေးပေါင်ချိန်တာ အောက်ဆီဂျင်တိုင်းတာ သွေးချိုဖောက်တာတင်မကဘူး။ အောက်ဆီဂျင်ပေးနည်း မှောက်လျက်အိပ်ခိုင်းနည်း ကျောပုတ်ရင်ပုတ် လုပ်နည်းတွေပါ သင်ပေးထားလို့ တော်တော် အားကိုးနေရပြီ။ တစ်လစီ ဂျူတီဝင်ရမယ်။ လူနာခန်းထဲ ၁၀ ရက် ကျောင်းဝန်းထဲ Q ရင်း ကူညီထောက်ပို့ ဆယ်ရက် အိမ်ပြန်နား ဆယ်ရက် လို့ ခွဲပေးထားတယ်။ ပျော်နေပုံပါပဲ။ ဝတ်စုံလေးတွေဝတ်ပြီး ဖေ့စ်ဘုတ်ပေါ်တင်နေကြတယ်။ သူတို့အတွက် ဒါ အသစ်အဆန်းပဲ။

ဖေ့စ်ဘုတ်ပေါ် စာတင်တဲ့အကျိုးကြောင့် ရန်ကုန်မှာ အရမ်းဝယ်ရခက်နေတဲ့ Enoxa တွေလည်း အချောင်း ၅၀ လောက် ပို့ပေးဦးမယ်တဲ့။ လမ်းကြောင်းရှာနေတယ်။ လောလောဆယ် CS1 တို့ CS 2 တို့က သုံးရင်း ကုန်သွားတာ ပြန်ဝယ်လို့မရ။ မရှိ ရှိတာနဲ့ ဖြစ်အောင်လုပ်နေတာပါ။ ဖြစ်သလိုလုပ်နေတာ မဟုတ်ပါဘူး။ D dimer ဖောက်မရ၊ CRP ဖောက်မရ၊ Pro-calcitonin ဖောက်မရတဲ့အရပ်မှာ အမေရိကား အင်္ဂလန်က guidelines တွေအတိုင်းတော့ လိုက်လုပ်ဖို့ ခက်ပါတယ်။သို့သော်လည်း တစ်ယောက်တည်း ကိုယ့်သဘောနဲ့ကိုယ် ထင်သလို ရမ်းကုမိမှာစိုးလို့ on line consultation ယူပြီး တိုင်တိုင်ပင်ပင် ကုပါတယ်။ အကောင်းဆုံးဆိုတာတော့ မရနိုင်တော့ဘူး။ ရှိတဲ့အထဲက အကောင်းဆုံးကိုပဲ ပေးနိုင်မယ်။ ကမအဝက စာရင်းတက်လာတဲ့အထဲပါလည်း လိုအပ်သမျှ ကိုယ့်ဘာကိုယ် ရှာရဝယ်ရတာပဲ။ ဆေးရုံပေါ်ကလူနာတွေ အောက်ဆီဂျင်မပြတ်စေရဘူး လို့တောင် အာမဘန္တေ မခံနိုင်။

သို့သော်လည်း ရုံပြည့်ရုံလျှံ ကုတင်အစေ့ လူအစေ့ ကောက်တင်ထားတဲ့လူနာလေးတွေက သာသာယာယာလေး ရှူရှိုက်နေတာတွေ့ရရင် အမောပြေပါတယ်။ မရနိုင်လောက်တဲ့ လူနာဆိုလည်း အဲ့ထဲထည့်မနေတော့ဘူး။ ရှင်းပြလိုက်ရင် ပြန်သယ်သွားတာပဲ။ အဝှါပြုမှသယ်ရင် ကားငှါးမရဘူးလေ။ တဖြေးဖြေးနဲ့ အထာနပ်သွားတာပေါ့။ ကိုကျော်ကွန့်တို့က တခါတလေ စေတနာလွန်ပြီး ဆရာဝန်ထမင်းစားတုန်း လူနာကောက်တင်ထားတတ်တယ်။ ကိုယ်တွေက ဥစ္စာရင်းမမှန်ရင် မြင်ရုံနဲ့ သိတာလေ။ မီးခဲလောက်ပူပြီး သူငယ်အိမ်အကျဉ်းအကျယ်မညီတဲ့ လေဖြတ်လူနာကြီးကို ကားသမားက ဆေးခန်းထဲလာချပြီး ပြန်ထွက်သွားတယ်။ လူနာရှင်က အဖျားကျဆေးထိုးပေးဖို့ပဲ တွင်တွင်ပြောနေတာ။ ဆေးခန်းမှာ လေးငါးရက် ငှက်ဖျားဆေးတွေ သွင်းခဲ့ပြီးသား။ အဖျားမကျလို့ ဒီခေါ်လာတာ။ “အဖျားကျအောင်လုပ်ပေး။” ချည့် တဂျီဂျီပြောနေတာ။ ဆေးရုံမသွားလို့ မရဘူးဆို ကားပါလိုက်ရှာပေးရတယ်။ ဒါလည်း ဘယ်ကမှ လိုက်ပို့မယ့်သူ မရှိဘူး။ မတတ်နိုင်လို့ ခေါ်ထားရတာချင်းအတူတူတော့ ဂိတ်ဝမှာ သဘောကောင်းလွန်းတဲ့ ကိုကျော်ကွန့်တို့ကို ပွဲတွေ့လက်ဆင်ပေးရတယ်။ “မြင်ပြီနော်။ မင်းတို့ ကားခေါ်လို့ရလား။ ဒါမျိုးကို ပိုက်ဘော လို့ခေါ်တယ်။ သူများဆီကယူဖို့လွယ်သလောက် ကိုယ့်လက်ထဲရောက်ရင် ဘယ်မှ ပုတ်ထုတ်လို့ မရတော့ဘူး။ စကတည်းက လေဖြတ်လူနာကို ဆေးခန်းမှာ ငှက်ဖျားဆေးတွေသွင်း အခြေအနေ မဟန်တော့မှ ဒီကို ပုတ်ထုတ်လိုက်တာ။ ကိုယ့်ဆီမှာလည်း ထိုင်ကြည့်နေရုံအပြင် ဘာမှလုပ်မရဘူး။ ခနနေသေတော့မှာ။ လူနာရှင်က ပြဿနာရှာရင် ပိုက်ဆံပေးကုရတဲ့ အပြင်ဆေးခန်းကို ဘယ်တော့မှ မရှာရဲဘူး။ အလကားကုပေးရတဲ့ ကိုယ့်အပေါ်ပဲ ဂိတ်ဆုံးထိ ရစ်တော့တာ။” သင်ရပြရတာ တစ်ရွာလုံးပါပဲ။ ပါးစပ်ကအမြှုတ်တစီစီ ထွက်တယ်။ ညနေ အိမ်ပြန်လာရင် လေဆက်ပြတ်ပြီး ရေချည့်ပဲ လေးငါးခွက် သောက်ပလိုက်ရလို့ ထမင်းမစားနိုင်ဘူး။ တနေကုန် မတ်တပ်မတ်တပ်နဲ့မို့ ညောင်းနေသလား ကိုယ့် ကိုဗစ်ကူးလို့ ညောင်းညာကိုက်ခဲသလားတောင် မသိ။ ဆေးသောက်ပြီး အိပ်ရတယ်။ မနက်ကျ အသစ်ပြန်စ။

အစကတော့ ဒီအကြောင်းတွေ ပြန်သွားပြီးမှ ရေးမလို့ တေးထားတာပါပဲ။ ဒါပေမယ့် ပြန်နိုင်မပြန်နိုင်ဆိုတာ ဘာမှသေချာတဲ့ ကိစ္စ မဟုတ်ဘူး။ ကိုယ့်တပည့် သက်စံမျိုးလေး ဆုံးတော့ ရင်ထဲမှာ တော်တော်နင့်တယ်။ တစ်ယောက်တည်းနေရတဲ့သူ အနာအဖျားကြမ်းလာရင် မနက်ဖြန်မှ ရောက်နိုင်ပါဦးမလား လို့ အတွေးပေါ်လာတတ်တာ ကိုယ်သိတယ်။ အားငယ်တာတော့ မဟုတ်ပါဘူး။ ဒီရုပ်ခန္ဓာကြီးက ဝိညာဉ်ကောင်အဖြစ် စွန့်ခွါရတော့မယ်ဆိုရင် ကြည်အေး ဝတ္ထုထဲက ဖတ်ဖူးတဲ့အတိုင်း အုံ့မှိုင်းတွေဝေ မြူသာထွေသော အရပ်မှာ မနေလိုပါဘူး။ ခရစ်ယာန် ဓမ္မဆရာတွေကတော့ အဘဘုရားသခင်ရဲ့ ထာဝရအိမ်တော်ဆီကို ခိုဝင်ရသတဲ့။ ကိုယ်တော်ရှင် ဖန်တီးတော်မူတဲ့ လူသားတွေကို ကိုယ်တော်သာ ပိုင်ပေသကိုး။ အချိန်တန်လို့ ကိုယ့်အသက်ကိုယ် ပြန်အပ်ရတော့မယ့်အခါကျရင် ကိုယ်ကရော ဘယ်သူ့ဆီကို ပြန်အပ်ရမှာပါလိမ့်။ ကိုယ့်မျက်စိထဲမတော့ အမေ့ကိုပဲ ပြေးမြင်မိပါတယ်။ ဒီအသက်ဒီအရွယ်ထိအောင် ကိုယ့်အသက်ဝိညာဉ်ဟာ ပိုင်ရှင်မမဲ့သေးဘူး။ ဝမ်းမြောက်စွာ ပြေးဝင်နှုတ်ဆက် ခိုနားရာ ရင်ခွင်တစ်ခု ရှိနေသေးတုန်းပဲ။ သက်စံမျိုးတို့အရွယ်ကတည်းက အိမ်ကိုမှာထားနှင့်ပြီးသားပါ။ အမေ့အိမ်ဟာ ကိုယ့်အတွက် နာရေးလုပ်ရမယ့်အိမ်။ ကိုယ့်အသက်ကို အမေပဲ ပိုင်တယ်။ သူမွေးထားတဲ့သားလေ။

အဲ့သလို မရေရာတဲ့ မနက်ဖြန်တွေအကြောင်း စိတ်ကပြတ်အောင်တွေးလိုက်တော့ ကိုယ့်အသက်နဲ့ရင်းပြီးရလာတဲ့ ခံစားချက်တွေ အတွေ့အကြုံတွေကို စာရေးချန်ထားခဲ့တဲ့အခါ “ငါ့များ လာဖမ်းရင် ဒုက္ခ။” ဆိုတဲ့ ကြောက်စိတ်နဲ့ အကြွေးမထားချင်ဘူး။ ဒီလူတွေဟာ ကိုယ်ကြောက်ရမယ့် သူတွေ မဟုတ်ဘူး။ အဆင့်မတူ တန်းမတူလို့သာ ရွံရှာရှောင်ရှားနေရတဲ့သူတွေ။ ဆရာဝန်တစ်ဦး၊ CDM ဆရာဝန်တစ်ဦး၊ ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်တစ်ဦး စသည်ဖြင့် အမည်မဖော်လိုသူ လှထုံ လုပ်ပြီး လက်သီးပုန်း မထိုးချင်တော့ဘူး။ ကိုယ်လုပ်ခဲ့သမျှ လုပ်ရပ် အတွေးအခေါ် စိတ်ဓါတ်တွေဟာ လူသိမခံရဲစရာ လူပုံအလယ် မျက်နှာမပြရဲစရာ မိဘဘိုးဘွား ဆွေမျိုးမိတ်ဆွေ အရှက်ရစရာ တစိုးတစိမျှ မပါဘူး။ ကိုယ့်မျက်နှာကလည်း ဒင်းတို့လို ကျက်သရေမရှိတဲ့ သောက်ခွက်ကြီး မဟုတ်ဘူး။ ဒါကြောင့််မို့ ပေါ်တင်စိန်ခေါ်ပြီး သတ္တိရှိရှိ ရေးတင်ပလိုက်တယ်။ အေးရော။

တော်လှန်ရေးဆိုတာ မရေရာတဲ့ ထီလက်မှတ်ကိုင်ထားပြီး “ဘာဆုလေးများ ချိတ်လေမလဲကွယ်။” ဆိုတဲ့ မျှော်လင့်ချက်နဲ့ နိုင်ငံရေးမြင်းလောင်းနေတာ မဟုတ်ဘူးလေ။ သူ့လုပ်ရပ်တိုင်း ကိုယ့်လုပ်ရပ်တိုင်းက ရလပ်တွေပေါ်ပြီး အဖြေပြတ်ပြတ်သားသား ထွက်နှင့်ပြီ။ မအလဆိုတာ ဆရာစိုးထွေးပစ်လိုက်တဲ့ တံတွေးတစ်ပေါက်စာလောက်တောင် တန်ဖိုးရှိတဲ့ လူသား မဟုတ်ပါဘူး။ သွားလိုက်တော့ သွားလိုက်တော့။ ထွီ။